သံတောင်ကြီးမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၆၀၀ ကျော် ထွက်ပြေးနေရ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၂ နယ်မြေအတွင်းမှာ ဇူလိုင်လ ၁၅ ရက်နေ့ ကနေ ၁၈ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ဒေသခံ ၂၆၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းက မင်းလမ်းတောင်၊ ဆင်အံတောင်၊ မိအိကြီး၊ ရွာသစ်ကုန်း၊ စုစည်း၊ ကျွဲကျအထက်/အောက်၊ ဗောဓိကုန်း၊ လယ်သာ၊ ဂွေးသဲ၊ ဖြတ်လမ်းဆုံ စတဲ့ ရွာတွေတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မီးရှို့ခံရတဲ့နေရာက ရွာသစ်ကုန်း၊ စုစည်းနဲ့ မိအိကြီးသွားတဲ့ လမ်းခွဲမှာပေါ့နော်။ အဲမှာ အိမ် လေးအိမ် ပါသွားတယ်။ နောက်ပြီးတော့ ထိခိုက်သေဆုံးတဲ့ တစ်ယောက်ကတော့ ဓာတ်ပုံနဲ့ တိတိကျကျ မသိရသေးဘူး။ နာမည်နဲ့ အသက်လည်း မသိရသေးဘူး။ အကုန်လုံးက ပြေးလွှားနေရသေးတော့။ စစ်ဘေးရှောင်တွေက မိအိကြီး၊ ရွာသစ်ကုန်း၊ စုစည်း၊ ကျွဲကျအထက်/အောက်၊ မင်းလမ်းတောင်၊ ဆင်အံတောင် အဲရွာတွေက ဒေသခံတွေက တခြားရွာတွေကို ထွက်ပြေးနေရတယ်”
စစ်ကောင်စီတပ်တွေဖြစ်တဲ့ ခလရ - ၈၅ နဲ့ ခမရ - ၃၀၇ တပ်တွေက ကျေးရွာတွေ အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ကျေးရွာတချို့က အိမ်တွေ၊ ယာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတာလို့ KNU ဗဟိုက ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
တိုက်ပွဲအတွင်း ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားအလောင်းတစ်လောင်းနဲ့အတူ လက်နက် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သံတောင်မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေး တပ်ဖွဲ့ (NTDF) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မုတ်ဆိတ်က ပြောပါတယ်။
တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ အရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်တွေက လက်နက်ကြီး အလွန်အကျွံအသုံးပြုခဲ့တာကြောင့် ရွာငါးရွာက ဒေသခံတွေက တပူကရူ၊ ထီးဒေးကရူ၊ ရှမ်းလယ်ပြင်ကရူ ရွာတွေဘက်ကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ထွက်ပြေးနေကြရတဲ့ ဒေသခံ ၂၆၀၀ ကျော်ထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သက်ကြီး ရွယ်အိုတွေ ပါဝင်တာကြောင့် ဆေးဝါးအပါအဝင် နေထိုင်ရေးနဲ့ စားသောက်ရေးတွေ အခက်အခဲရှိတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။