သံချပ်ဖျော်ဖြေမှုကရရှိတဲ့ အလှူငွေနဲ့ ဒုက္ခသည်တွေအရေး ကူညီမည်
2013.04.15

တ.က.သ ကျောင်းသားသမဂ္ဂအဖွဲ့က သူတို့သံချပ်လိုက်လံဖျော်ဖြေရာကရရှိတဲ့ အလှူငွေတွေကို ဒုက္ခသည်စခန်းတွေနဲ့ လူမှုရေးလုပ်ငန်းတွေကို အကူအညီပေးမယ်လို့ ဒီနေ့မှာပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ တ.က.သ ကျောင်းသားအဖွဲ့ဟာ ဒီနှစ်သြင်္ကန်မှာ ခွပ်ဒေါင်းမျိုးဆက်အမည်နဲ့ လှည့်လည်ဖျော်ဖြေနေကြရာမှာ အလှူငွေအတော်များများရရှိနေတယ်လို့ သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစည်သူမောင်က RFA ကို ပြောပါတယ်။
"ကျနော်တို့ တက္ကသိုလ်ဘဝတွေကို ကိုယ်စားပြုတဲ့ သံချပ်တွေကို ကျနော်တို့ကိုယ်တိုင် တိုင်ပြီးထိုးတယ်၊ ဦးမင်းကိုနိုင် စပ်ပေးထားတဲ့ သံချပ်စာသားတွေလည်း ပါဝင်တဲ့အတွက်ကြောင့်မို့ အားကောင်းတဲ့ သံချပ်စာသားတွေဖြစ်တယ်၊ အပြုသဘောဝေဖန်ထောက်ပြထားတဲ့ စာသားတွေဖြစ်တဲ့အတွက်ကြောင့်မို့ ပရိသတ်ရဲ့အားပေးမှုကိုရတယ်၊ ကျနော်တို့ ဆုငွေတွေလည်းရတယ်၊ ဒီအတွက်ကြောင့်မို့ ကျနော်တို့ ဒီဆုငွေတွေကို တက္ကသိုလ်သမဂ္ဂတွေရဲ့ လုပ်ငန်းတာဝန်တွေမှာ အဲဒါတွေကို ထည့်ပြီးသုံးသွားမယ်၊ တခြားသော လူမှုကယ်ဆယ်ရေးတို့ စစ်ဘေးပြစ်ဒဏ်သင့်တဲ့ဒေသတွေတို့ ဒီလိုမျိုး ကူညီရေးဘက်တွေမှာလည်း ထည့်ပြီးသုံးသွားမယ်"
အဖွဲ့ဝင် ၃ဝ ကျော်ပါဝင်တဲ့ အဲဒီသံချပ်အဖွဲ့ဟာ ဒီသြင်္ကန်ရက်တွေအတွင်းမှာ နာရေးကူညီမှုအသင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ ဒေါပုံ၊ ဒဂုံမြို့သစ်မြောက်ပိုင်းစတဲ့ မြို့နယ်တွေမှာ ဖျော်ဖြေခဲ့တယ်လို့ ကိုစည်သူမောင်က ပြောပါတယ်။
သူတို့သံချပ်အဖွဲ့မှာ ၈၈မျိုးဆက်ကျောင်းသားတွေ အပါအဝင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်နဲ့ လေကြောင်းတက္ကသိုလ်တွေက ကျောင်းသားတွေ ပူးပေါင်းအားဖြည့်ထားကြတယ်လို့ သိရပါတယ်။