သံတွဲက စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေးခက်ခဲနေ

RFA Burmese
2024.05.06
သံတွဲက စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေးခက်ခဲနေ တိုက်ပွဲကြောင့် သံတွဲမြို့ပေါ်သို့ ထွက်ပြေးလာကြသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းခန့်ဟာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ စစ်ဘေးဒုက္ခသည်တွေက မေလ ၆ ရက်နေ့မှာ ပြောပါတယ်။

သံတွဲမြို့နယ်မှာ ဧပြီလ ၂၁ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်နေပြီး ရေကောက်၊ ပုရစ်၊ ဒေါ်မြ စတဲ့ ရွာတွေ အပါအဝင် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနားမှာရှိတဲ့ ရွာပေါင်းဆယ်ရွာခန့်က ဒေသခံတွေဟာ သံတွဲမြို့၊ တောင်ကုတ်မြို့နဲ့ နီးစပ်ရာရွာတွေမှာ ထွက်ပြေးခိုလှုံနေကြတာပါ။

ထွက်ပြေးလာစဉ်မှာ လိုအပ်တဲ့ပစ္စည်းတွေ အလုံအလောာက် မသယ်ယူနိုင်ခဲ့သလို ကုန်ဈေးနှုန်းတွေလည်း အဆက်မတန်မြင့်တက်နေတာကြောင့် အခက်အခဲကြုံနေရတာလို့ ရေကောက်ရွာခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲက ရွာနားမှာဖြစ်တာလေ။ ဖြစ်ဖြစ်ချင်း ထွက်ပြေးလာတာဆိုတော့ ဘာပစ္စည်းမှလည်းမယူခဲ့ရဘူး။ အခုအထိ ရွာပြန်လို့လည်းမရသေး။ ဒီမှာက ကုန်ဈေးနှုန်းတွေလည်းတက်တော့ အဆင်မပြေဘူး။ ဖြစ်သလိုပဲ စားနေရတာ။ ဒီအတိုင်းဆိုရင်တော့ မကြာခင် ကျွန်မတို့ ထမင်းငတ်တော့မယ်”

မေလ ၄ ရက်နေ့ကလည်း သံတွဲမြို့နယ် ရွှေလှေတံတားအနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ငပလီနဲ့ မောင်ရွှေလေး ရေတပ်စခန်းအပါအဝင် နေရာ လေးနေရာက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပေဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစလို့ ဖြစ်ပွားနေတဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော် (၁၆၆,၀၀၀) ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။