သံတွဲမြို့နယ်မှာ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦးသေဆုံး

RFA Burmese
2024.09.21
သံတွဲမြို့နယ်မှာ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦးသေဆုံး ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပေါက်တူးကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်အား တွေ့ရစဉ်။
Western News

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပေါက်တူးရွာမှာ စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီ လေကြောင်းကနေဗုံးကြဲတာကြောင့် အရပ်သားသုံးဦးသေဆုံးခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက တိုက်ပွဲမဖြစ်ဘဲ အရပ်သားတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ RFA ကို ပြောပါတယ်။

"၁၆ ရက်နေ့က ပေါက်တူးမှာ Y 12 ကနေ ဗုံး ၂၈ လုံးကျတယ်၊ မပေါက်တဲ့အလုံးတွေလည်း ရှိတယ်၊ ပေါင် ငါးရာဗုံးတွေလည်း ပါတယ်၊ လူ သုံးယောက်သေတယ်၊ နွားငါးကောင်သေတယ်၊ တခြားထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်"

သေဆုံးသူတွေထဲမှာ ရခိုင်အပြင် ချင်းတိုင်းရင်းသားလည်း ပါဝင်ပေမဲ့ အတိအကျကိုတော့ မသိရသေးပါဘူး။ တိုက်ခိုက်ခံရတဲ့ ပေါက်တူးရွာမှာအိမ်ခြေ ၁၅၀ ကျော်၊ လူဦးရေ ၆၀၀ လောက်ရှိပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲ ဆယ်လပြည့်ချိန်မှာ ရခိုင်ပြည်နယ်အတွင်းက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ သံတွဲမြို့အပြင် ချင်းပြည်နယ်က ပလက်၀ဒေသတွေကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီလို့လည်း AA က စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။