သံတွဲမြို့ အိမ်မီးရှို့မှုများ အတွက် လူ ၄၄ ဦး ဖမ်းဆီး စစ်ဆေး
2013.10.06
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ စုစုပေါင်း ၄၄ ဦးကို သံတွဲမြို့ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီလို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ဦးဝင်းမြိုင်က အခုလို ပြောပါတယ်။
" နှစ်ဖက်လုံးက ၄၄ ယောက်ကို လောလောဆယ် ဖမ်းဆီးစစ်ဆေးနေတယ်၊ ကမန်ရော ရခိုင်ရောပါပါတယ်ခင်ဗျ၊ သေဆုံးတာ ၅ ယောက်၊ အသက် ၉ဝ ကျော် အဖွားကြီးတစ်ယောက်နဲ့ နောက် ၄ ယောက်ဆိုတော့ အားလုံး ၅ ယောက်၊ ဒဏ်ရာရတာ ၅ ယောက်၊ အဲ့ဒါပါပဲခင်ဗျ"
ဖမ်းဆီး စစ်ဆေးနေသူတွေထဲမှာ အခင်းဖြစ်ပွားတဲ့အထဲမှာ ပါဝင်ခဲ့ကြတဲ့ ရခိုင်တိုင်းရင်းသားတွေရော ကမန်တိုင်းရင်းသားတွေပါ ပါဝင်ပြီး အမျိုးသား ၄၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ပါဝင်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့၊ ပေါက်တော၊ သဗြုချိုင်နဲ့ ရွှေလှေကျေးရွာတွေမှာ စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းကစတင်ပြီး အောက်တိုဘာ ၁ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့တိုက်ခိုက်မှုတွေကြောင့် နေအိမ် ၁ဝဝ ကျော် မီးလောင်ပျက်ဆီးခဲ့ရပြီး လူ ၄၅ဝ နီးပါး ဒုက္ခသည်ဘဝ ရောက်ရှိခဲ့ရပါတယ်။