ပြောင်းရွှေ့ပေးမယ့်နေရာ သမီးကလေးရွာသားတွေ လက်မခံ


2014.02.28
thameekalay-75.jpg thameekalay-75.jpg
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးကလေးကျေးရွာကနေ ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စု ၁၅၇ စုကို နေရာပြန်လည်ချထားပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေ ၉ ဧကကျော် ဝယ်ယူပြီး စီစဉ်ပေးခဲ့ပေမဲ့ သမီးကလေး ကျေးရွာ သားတွေက မပြောင်းရွှေ့လိုကြဘူးလို့ ပြောပါတယ်။

သမီးကလေး ကျေးရွာသားတွေကို ပြန်လည်နေရာချ ထားပေးဖို့ တစ်ဧက ကျပ်၂၂ သိန်းနှုန်းနဲ့ ဝယ်ထားပြီးဖြစ်ကြောင်း လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ပြောပါတယ်။

"ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ အစီအမံပဲ အကုန်အကျခံတာ၊ ဒီတခေါက်သွားမေးတဲ့အခါမှာ အကုန်လုံး သူတို့လိုက်မယ်လို့ ပြောတာလေ၊ ဘာဖြစ်လို့လဲဆိုတော့ တို့က ပိုက်ဆံနဲ့ အကုန်အကျခံဝယ်ရမယ်၊ မင်းတို့မလိုက်ဘူးဆိုရင်တော့ ငါတို့ကလည်း ဝယ်စရာအကြောင်းမရှိဘူး၊ အဲတော့ အကုန်လုံး လိုက်မယ်ပြုမယ်ဆိုရင်တော့ ငါတို့ဒါကို စီမံမယ်ဆိုပြီးတော့ သူတို့ဝမ်းသာအားရပါပဲ"

မြေဝယ်ယူထားတဲ့နေရာဟာ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးဘေး ရန်ကုန်တိုင်းဒေသကြီးအတွင်းက လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ဝယားကျေးရွာမှာ ဖြစ်ပါတယ်။

အဲဒီမြေနေရာဟာ သူတို့လုပ်ကိုင်စားသောက်ဖို့အတွက် အဆင်မပြေနိုင်တာကြောင့် မပြောင်းရွှေ့လိုတာဖြစ်ကြောင်း လှည်းကူးမြို့နယ် အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ သမီးကလေးရွာသား ကိုခင်လွင်က ပြောပါ တယ်။

"ကျနော့် မိသားစု အကုန်လုံးပေါ့ တစ်ရွာလုံးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ကျနော်တို့ လုံးဝစိတ်မပါဘူးခင်ဗျ၊ ဘာကြောင့်လည်းဆိုတော့ ချပေးတဲ့နေရာတွေက ကျနော်တို့ လုပ်ကိုင်စားသောက်ဖို့နေရာ မရှိဘူးခင်ဗျ၊ ကျနော့်အနေအထားနဲ့ ပြောရင်တော့ အဲဒီနေရာကိုရောက်သွားရင်တော့ လက်နှစ်ဘက်ကို ရိုက်ချိုးသလိုပဲဖြစ်မှာပဲ"

ရွာသားတွေဟာ လက်ရှိခိုလှုံနေရတဲ့ အောင်သဒ္ဓိဘုန်းကြီးကျောင်းကနေ လာမယ့် မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်လို့သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။