သမီးလေးကျေးရွာသားများ ဒီကေဘီအေဒေသကို သွားရောက်ကြည့်ရှု
2014.03.12

ပဲခူးတိုင်း အလိုင်နီကျေးရွာအုပ်စု၊ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ သမီးလေးကျေးရွာ မိသားစုတွေထဲက ရွာသား ၄ ဦးနဲ့ အောင်သိဒ္ဓိကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မတို့ ဒီကေဘီအေအဖွဲ့က နေရာချထားမယ့်ဒေသကို မတ်လ ၁၁ ရက်က သွားရောက်ကြည့်ရှု လေ့လာခဲ့ကြပါတယ်။
ပဲခူးတိုင်းဒေသကြီး အစိုးရက ဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းမှာ ဆက်လက်နေထိုင်ခွင့် မပြုတော့တာကြောင့် ဒီကေဘီအေတပ်ဖွဲ့က ရွာသားတွေဆန္ဒရှိရင် သူတို့နယ်မှာ နေရာချ ထားပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒါကြောင့် ဒီကေဘီအေဒေသကို လာရောက်လေ့လာ တာဖြစ်ကြောင်း ဆရာတော် ဦးအဂ္ဂဓမ္မက အခုလို မိန့်ကြားပါတယ်။
"အခက်အခဲ ကြုံလာပါတယ်ဆို ပဲခူးတိုင်းက လက်မခံတော့ဘူး၊ ပဲခူးတိုင်းက ဦးဇင်းဆီကို ၈ ရက်နေ့က ရောက်လာတယ်၊ ဘယ်လိုပြောလဲ ဆိုတော့ ကျောင်းသားတွေရှိလို့ သူတို့ဒီလောက်ထိ လက်ခံပေးတာ အခုဟာ လက်ခံလို့မရတော့ဘူး၊ ၉ ရက်နေ့ကနေစပြီးတော့ အကုန်ပြောင်းပေါ့ အမြန်ဆုံးအနေနဲ့ ပြောင်းခိုင်းတာ ခဏခဏမောင်း ထုတ်နေတော့ အဲ့ဒီ သူများအောက်မှာတော့ ဒီလိုပဲ အဖြစ်မခံတော့ဘူး၊ အဲ့ဒီတော့ တို့အခြေအနေလေး သွားကြည့်ရအောင် ဒကာတွေကနေတိုင်ပင်ပြီးတော့ ဦးဇင်းလိုက်လာတာ"
ဒီကေဘီအေစစ်အခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကလည်း သမီးလေးကျေးရွာက မိသားစုတွေ လာမယ်ဆိုရင် နေရာချထားမယ့် ကျောက်ခက်ရွာကို လိုက်လံပြသခဲ့တယ်လို့ ပြောပါတယ်။
"ရောက်တာတော့ ဒီနေ့ ဒီကျောက်ခတ်ကိုပေါ့လေ သွားပြီးတော့ပြပေးတယ်၊ ဘာကြောင့်ပြပေးလဲဆိုတာ ကျနော် အတင်းအဓမ္မ ဆွဲခေါ်တာမဟုတ်ဘူး၊ အခု ကျောက်ခတ်ရွာမှာ ရှိနေတဲ့လူတွေဟာ ရပ်ဝေးဒေသကလာပြီတော့ လုပ်စားပြီးတော့ အဲ့ဒီဒေသမှာ ရပ်တည်တဲ့လူတွေပဲ၊ ရဲရဲဝံ့ဝံ့ပြောရဲတာက ဘုန်းဘုန်းတို့ ဒကာတွေ ဒီမှာလာနေပြီဆိုရင် ဒီအခုလက်ရှိမောင်းထုတ်ခံရသလို မမောင်းထုတ်ဘူးဆိုတာ တပည့်တော် ရဲရဲဝံ့ဝံ့ပြောရဲတယ်၊ အဲ့ဒါ ဘုန်းဘုန်းတို့ ဒီကပြန်ရင် နေမယ်၊ မနေဘူးဆိုတာ အဲ့တာ ဘုန်းဘုန်းတို့ရဲ့ ဆုံးဖြတ်ချက်ပဲ"
.ဒီကေဘီအေက နေထိုင်ဖို့စီစဉ်ပေးမယ့်နေရာကို သွားရောက်လေ့လာခဲ့သူတွေထဲမှာပါဝင်တဲ့ သမီးလေးကျေးရွာသား ကိုအောင်လွင်ကတော့ သူ့ဆန္ဒကို အခုလိုပြောပါတယ်။
"ကျနော်ရဲ့ စိတ်ဓာတ်တစ်ဦးတည်းအနေနဲ့ကတော့ ရွာသားတွေနဲ့ အကုန်လုံး တိုင်ပင်လို့ရမယ် ဆိုရင်တော့ ကျနော်တို့ကတော့ ဒီနေရာမှာပဲ လုပ်ကိုင်စားသောက်တာ ကိုယ့်အတွက်လွတ်လပ်မှုတော့ အများကြီးရတယ်၊ လက်ရှိမှာ ကျနော်တို့ ခံစားရတဲ့ခံစားချက်က ကိုယ့်အတွက် လွတ်လွတ်လပ်လပ် လုပ်စားခွင့်ရဖို့ပါ"
သူတို့လေ့လာခဲ့သမျှကို ကျန်တဲ့ရွာသားတွေကိုပြောကြားပြီး အများဆန္ဒအတိုင်း နေရေး၊ မနေရေး ဆုံးဖြတ်ချက်ကို ဒီကေဘီအေအဖွဲ့ဆီ အကြောင်းပြန်မယ်လို့ဆိုပါတယ်။ အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာတော့ မိသားစု ၁၅၇ စု ခိုလှုံနေကြဆဲဖြစ်ပါတယ်။