ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေး
2024.08.19

ထိုင်းနိုင်ငံရဲ့ အရင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ကို ထိုင်းဘုရင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ ဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့ထုတ် Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
ထိုင်း အကျဥ်းဦးစီးဌာန Department of Corrections (DoC) ရဲ့ ဒါရိုက်တာ Sahakarn Phetnarin က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ အခုဆိုရင် လွတ်လပ်တဲ့လူဖြစ်သွားပြီဖြစ်ပြီး သူ့အတွက် ပြစ်မှုကင်းရှင်းကြောင်း သက်သေအထောက်အထားကို ရက် ၁၂၀ အတွင်း ထုတ်ပေးမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ထိုင်းဘုရင်ရဲ့ သက်တော် ၇၂ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် အဖြစ် အကျဥ်းသားတွေကို ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ဘုရင်ရဲ့အမိန့်တော်ကို Royal Gazette ဝဘ်ဆိုက်မှာ ပြီးခဲ့တဲ့စနေနေ့က ထုတ်ပြန်ခဲ့တာပါ။
အဲဒီနောက် သြဂုတ်လ ၁၈ ရက် မနေ့က အကျဥ်းသား ထောင်ဂဏန်းကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်လည်း ပါဝင်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ အာဏာအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ သူ့ကို တရားစွဲဆိုထားတဲ့ အမှုတွေကို ရင်မဆိုင်ချင်တာကြောင့် ပြည်ပမှာ ၁၅ နှစ်လောက် တိမ်းရှောင်နေရာကနေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လထဲမှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပါတယ်။
အဲဒီနောက်သူဟာ အကျဥ်းထောင်ကို အပို့ခံလိုက်ရပြီး ထိုင်းဘုရင်ထံမှာ ပြစ်ဒဏ်တွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အနားစာခံတင်ပြီးနောက် သူ ကျခံဖို့ကျန်တဲ့ ပြစ်ဒဏ် ရှစ်နှစ်ကို တစ်နှစ်အထိ ထိုင်းဘုရင်က လျှော့ပေါ့ပေးလိုက်ပါတယ်။ ကျန်ရှိတဲ့ အဲဒီ ထောင်ဒဏ် တစ်နှစ်ဟာ သြဂုတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာပါ။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ပြစ်ဒဏ်က လွတ်ငြိမ်းကြောင်း မကြောညာခင်ရက်အနည်းငယ်အတွင်းမှာပဲ သက်ဆင်ရဲ့သမီး ပေထုန်တန်ရှင်နာဝပ်ထရာ ဟာ ထိုင်းနိုင်ငံရဲ့ ၃၁ ယောက်မြောက်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ထိုင်းတရားရေးဝန်ကြီး Tawee Sodsong က ထိုင်းတစ်နိုင်ငံလုံးက အကျဥ်းသား ၃၁,၀၀၀ ကို ပြစ်ဒဏ်ကင်း လွတ်ခွင့်ပေးမှာ ဖြစ်ပြီးတော့ အကျယ်ချုပ်ကျခံနေရသူ ရှစ်ထောင်ကိုလည်း လွှတ်ပေးမှာလို့ ပြောပါတယ်။