တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာနိုင်ငံသား ၂၅ ဦး မဲဆောက်မှာ ဖမ်းဆီးခံရ

RFA Burmese
2025.01.08
တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာနိုင်ငံသား ၂၅ ဦး မဲဆောက်မှာ ဖမ်းဆီးခံရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား တွေ့ရစဉ်။
AEC News

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၅ ဦး ဇန်နဝါရီလ ၇ ရက်နေ့ညက ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။

မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို နယ်စပ်ကတစ်ဆင့် တရားမဝင်ဖြတ်ကျော်ဝင်ရောက်ချိန် ကင်းလှည့်နေတဲ့ ထိုင်းနယ်ခြားစောင့်တပ်က တွေ့ရှိပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“သူတို့က သဘာဝရေလမ်း မြဝတီဘက်ကနေ ကူးလာပြီးတော့ မဲဆောက်ဘက်ခြမ်းကို ရောက်လာကြတာဖြစ်ပါတယ်။ သူတို့တွေကို နိုရိုဗိုင်းရပ်စ် လက္ခဏာတွေဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောလက္ခဏာတွေကို စစ်ဆေးပြီးတဲ့အခါမှာ ထိုင်းလဝက ဥပဒေအရ ထောင်ဒဏ်တစ်လခွဲ အရေးယူပြီးသွားရင် မြန်မာနိုင်ငံဘက်ကို ပြန်ပို့မှာ ဖြစ်ပါတယ်”

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ကိုးဦး ပါဝင်ပြီး သူတို့မှာ တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းတွေလည်း မရှိတာကြောင့် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

အထောက်ထားမဲ့ မြန်မာတွေ ပြစ်ဒဏ်ကျခံပြီးသွားရင် မြန်မာပြည်ကို ပြန်ပို့ခံရတာကြောင့် ထိုင်းနိုင်ငံထဲမှာ တရားမဝင်နေထိုင်နေသူတွေလည်း အထူးသတိထားကြဖို့ အလုပ်သမားအရေးကူညီသူတွေက သတိပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း စစ်မှုထမ်းဥပဒေအပါအဝင် နိုင်ငံရေးအခြေအနေတွေကြောင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်နေသူတွေ နေ့စဉ်ရှိနေပြီး လူကုန်ကူးမှုတွေလည်း များနေတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင်နေထိုင်မှုတွေနဲ့ မြန်မာနိုင်ငံသား ၇ဝဝဝ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။