မြန်မာပြည်သွားရောက်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း အတည်ပြု ပြောဆို
2011.12.19
သူ့ရဲ့ခရီးစဉ်ဟာ ညီမဖြစ်သူ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်ထရာ မြန်မာပြည်ကို သွားတဲ့အခါ အဆင်ပြေ ချောမွေ့စေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တော်မှာ ရှိနေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို ဘန်ကောက်ပို့စ် သတင်းစာက တယ်လီဖုန်းက တဆင့်
ဆက်သွယ် မေးမြန်းခဲ့ရာမှာ မြန်မာပြည် ခရီးစဉ်ကို အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့တွေဆုံခဲ့သလို ယခင်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့လည်း တွေ့ဆုံခဲ့ကြောင်း၊ ဒါ့အပြင် ဝန်ကြီးချုပ် ယင်လတ် အနေနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံနိုင်ဖို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း
ပြောဆိုပါတယ်။
မစ္စယင်လတ် နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးမှာ အရေးကြီးတဲ့အချက်နှစ်ချက် ရှိကြောင်း၊ ပထမအချက် အနေနဲ့ မြန်မာအတွက် ထိုင်းဟာ အရေးပါတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပြီး၊ ဒီတွေ့ဆုံမှုဟာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တစ်ယောက် အနေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ကြောင်း၊
ဒီလို တွေ့ဆုံမှုမျိုးကို မြန်မာ အစိုးရ အနေနဲ့ အရင်က ခွင့်ပြုလေ့ မရှိကြောင်း မစ္စတာ သက်ဆင်က ပြောပါတယ်။ ဒုတိယအချက် ကတော့ ထိုင်းအစိုးရဟာ မြန်မာ့ ဒီမိုကရေစီရေးကို အားပေးတယ် ဆိုတာ ကမ္ဘာကို ပြသလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဝေဖန် သုံးသပ်သူတွေ ကတော့ --မစ္စယင်လတ်ရဲ့ မြန်မာပြည် ခရီးစဉ်ဟာ စွမ်းအင်နဲ့သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် အဓိက ဖြစ်ပြီး ၊ ဒီလုပ်ငန်းတွေ ကနေ မစ္စတာ သက်ဆင် နဲ့ သူ့ရဲ့ စီးပွားရေး အပေါင်းအပါတွေ အကျိုးရှိဖို့ အတွက်သာ ဖြစ်လိမ့်မယ်လို့
ပြောဆိုကြပါတယ်။
ထိုင်းဝန်ကြီးချုပ် ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့အခါ ပြည်ပ ထွက်လို့ ရမယ်ဆိုရင် ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်မှာ ဖြစ်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုပါတယ်။