သီလဝါအထူးစီးပွားရေးဇုန်မှ အခက်အခဲများ ဂျပန်မှာ တင်ပြ
2014.06.02

ရန်ကုန်မြို့အနီးမှာ တည်ဆောက်မယ့် သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်းဒေသကနေ ပြောင်းရွှေ့ခံရ တဲ့ ကျေးရွာ ၆ ရွာက ဒေသခံတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း တင်ပြစာကို သီလဝါ လူမှုဘ၀ ဖွံ့ဖြိုးရေးအဖွဲ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (JICA) ထံ ဒီနေ့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
မြေဧက ဟက်တာ ၂၄၀၀ မှာ အကောင်အထည်ဖော် သွားမယ့် သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းမှာ အခု ဟက်တာ ၄၀၀ မှာလုပ်ကိုင်နေပြီဖြစ်ပါတယ် ။ ပြောင်းရွှေ့ခံရတဲ့ ကျေးရွာတွေက ဒေသခံတွေ မှာ လျော်ကြေးတွေ ရပေမဲ့ ပြောင်းရွှေ့နေထိုင် ရတဲ့နေရာမှာ စားဝတ်နေရေးအဆင်မပြေသလို အလုပ်အကိုင် အခွင့်အလမ်းလည်းမရှိဘူးလို့ သီလဝါလူမှုဘဝဖွံ့ဖြိုးရေးအဖဲ့ွက ကိုကျော်ကျော် က ပြောပါတယ်။
"အဓိကတော့ မြေလျော်ကြေးပဲဗျ၊ အခုဆိုရင် မြိုင်သာယာမှာ ကြားမြေနှှုတ်မြောင်းမရှိဘူး ၊အလုပ် အကိုင် အခွင့်အလမ်း ဟတ်တာ ၄၀၀ ထဲကလယ်သမားတွေက အခုဆောက်နေတဲ့ စက်မှှုဇုံထဲမှာ တစ်ယောက်မှမရဘူးဗျ၊ အဲ့တော့ အဲ့ဒီအခွင့်အလမ်းတွေ မရတဲ့အခါမှာ ကျနော်အဲ့ဒီက ၇ မိုင်ဝေးတဲ့ MICT ဆိုဒ်ထဲမှာ အလုပ်လုပ်စားရပါတယ်၊ အလုပ်လုပ်စားတဲ့နေရာမှာလည်း ရတာနှှုတ် ပြီးတော့ပေါ့နော် ကယ်ရီခ ၁၅၀၀၊ ၂၀၀၀ နဲ့ဆိုရင် ကျနော်တို့ဘက်မှာ ဘာမှကျန်ငွေတွေမရှိတဲ့ အခါမျိုးဒုက္ခရောက်တဲ့ အခါမို့ ကျနော်တို့ စာရေးပြီးတင်ပါတယ် "
သီလဝါအထူးစီးပွားရေးဇုန်ကြောင့် ပြောင်းရွှေ့လိုက်ရတဲ့ ကျေးရွာ ၆ ရွာကဒေသခံတွေကို ၁ ဧက အတွက် ၁၅ သိန်းနှုန်းနဲ့ လျော်ကြေးငွေတွေပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီကန့်ကွက်လွှာမှာ စီမံကိန်း ပထမအဆင့် ဟက်တာ ၄၀၀ ကဒေသခံတွေကို ပြန်လည်နေရာချထားမှုနဲ့ ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ ထိခိုက်မှုများရှိကြောင်း၊ အဲဒီထိခိုက်မှုတွေမှာ လယ်ယာမြေဆုံးရှုံးခြင်း ၊ လယ်ယာမြေတွင် စိုက်ပျိုးခွင့်ဆုံးရှုံးခြင်း ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများ ဆုံးရှုံးခြင်း ၊ ဒေသခံကလေးများရဲ့ပညာရေးရေးဆိုင်ရာ အခွင့်အလမ်းများဆုံးရှုံးခြင်း၊ ပြန်လည်နေရာချထားတဲ့ မြိုင်သာယာဒေသရဲ့ အခြေခံအဆောက်အအုံနဲ့ နေရာထိုင်ခင်း အဆင့်အတန်းနိမ့်ပါးမှုနဲ့ သန့်ရှင်းတဲ့ရေမရှိခြင်း စတာတွေပါဝင်တယ်လို့ ဆိုပါတယ် ။
သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းမှာ JICA က ၁၀% အနေဖြင့် ယန်းငွေသန်း ၅၀၀ ရင်းနှီးမြှုပ်နှံထားပြီး မစ်ဆူဘီရှီ ၊ ဆူမီတိုမိုနဲ့ မာရူဘယ်နီ စတဲ့ ဂျပန်ကုမ္ပဏီ ၃ ခုကလည်း ကျန် ၃၉% ကို ရင်းနှီးမြှုပ်နှံထားပါတယ် ။ မြန်မာအစိုးရက စီမံကိန်းရှယ်ယာ ၁၀% နှင့် ဖက်စပ် မြန်မာကုမ္မဏီ ၉ ခု က ၄၁% ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ် ။