ထိုင်းက သစ်သီးစက်ရုံမှာ မြန်မာအလုပ်သမားတွေ လုပ်အားခခေါင်းပုံဖြတ်ခံနေရ
2023.06.27

ထိုင်းနိုင်ငံ ကျန်ထပူလီပြည်နယ်က TKK သစ်သီးစက်ရုံမှာ နှစ်နိုင်ငံသဘောတူညီချက် MOU စာချုပ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ လုပ်အားခခေါင်းပုံဖြတ်ခံနေရပြီး ရိုက်နှက် နှိပ်စက်ခံနေရတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။
လုပ်ခလစာအပြည့်အဝမပေးတဲ့အပြင် ခြိမ်းခြောက်ပြောဆိုတာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေလည်း ရှိနေတယ်လို့ လက်ရှိအလုပ်သမားတွေ ကြုံနေရတဲ့အခက်အခဲတွေကို ကူညီပေးနေတဲ့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က ပြောပါတယ်။
“အခုက အလုပ်သမားတွေကို သုံးရက်ဆင်းပြီး လေးရက်ပိတ်မယ်လို့ လုပ်တယ်။ အလုပ်သမားတွေက အလုပ်မရှိလို့ ပိတ်တာလားဆိုပြီး မေးတော့ အလုပ်ကရှိတယ်။ ကြက်မောက်သီးတွေကို ကီလိုစားနဲ့ နွှာရမယ်။ မနွှာဘူးဆိုရင် ဒီ MOU အလုပ်သမားတွေကို ပေးထားတဲ့အဆောင်ခ၊ ရေဖိုး မီးဖိုးတွေကို ပေးရမယ်လို့ အကျပ်ကိုင်နေတယ်။ အလုပ်လုပ်တာ တစ်ခုခုမှားတာနဲ့ အလုပ်သမားခေါင်းဆောင် ထိုင်းနိုင်ငံသားအမျိုးသမီးက သူတို့လက်တွေကို တုတ်နဲ့ရိုက်တယ်။ ဒါတွေကိုအလုပ်သမားတွေက မခံနိုင်လို့ ပြန်ပြောလို့မရဘူး။”
ကျန်ထပူလီပြည်နယ် မခမ်ခရိုင်၊ မခမ်လမ်း ၊ ၆ ရပ်ကွက်က TKK သစ်သီးစက်ရုံမှာ အလုပ်လုပ်ဖို့ ပြီးခဲ့တဲ့တစ်လကျော်က မြန်မာအလုပ်သမား ၅၀ ကျော်ကို နှစ်နိုင်ငံသဘောတူညီချက် MOU နှစ်နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
သူတို့ကို ခေါ်စဉ်က လုပ်ခလစာအဖြစ် တစ်ရက် ဘတ် ၃၅၀၊ အချိန်ပိုကြေး တစ်နာရီ ၆၂ ဘတ်နဲ့ ခြောက်ရက် အလုပ်လုပ်ဖို့ သဘောတူထားပေမယ့် လက်တွေ့မှာတော့ တစ်ရက်ကို ထိုင်းဘတ် ၃၃၈ နဲ့ အချိန်ပိုကြေး ၄၂ ဘတ်သာ ရရှိနေပြီး ပိတ်ရက်မရှိ ခုနစ်ရက်လုံး အလုပ်လုပ်နေရတာလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
အခုတော့ ဒီလကုန်ကစပြီး တစ်ပတ်ကို သုံးရက်သာ အလုပ်လုပ်ခွင့်ပေးတော့မယ်လို့ ပြန်ပြောင်း သတ်မှတ်လိုက်တာဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ အလုပ်လုပ်ခွင့်ကတ်တွေကို စက်ရုံဘက်က သိမ်းဆည်းထားပြီး တခြားအလုပ်ကို ပြောင်းလုပ်ကိုင်လို့မရသလို ပြန်ခွင့်လည်းမရှိဖြစ်နေတယ်လို့ မမိုးစန္ဒာမြင့်က ပြောပါတယ်။
အခုလို မြန်မာအလုပ်သမားတွေ လုပ်အားခ ခေါင်းပုံအဖြတ်ခံနေရတာ၊ မတရားဖိနှိပ်ခံနေရတာတွေကို အမြန်ဆုံးကူညီဖြေရှင်းပေးဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီနေတဲ့အဖွဲ့အစည်းတွေနဲ့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေဆီကို FGWM က တင်ပြတောင်းဆိုထားပါတယ်။
အဲဒီစက်ရုံမှာ နှစ်ကြာရှည်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၅ဝကျော် ရှိပြီး စုစုပေါင်း မြန်မာအလုပ်သမား တစ်ရာကျော် လုပ်ကိုင်နေတာပါ။