သုံးနှစ်ကျော်ပိတ်ထားတဲ့ တာချီလိတ်-မယ်ဆိုင် အမှတ် (၁) တံတား ပြန်ဖွင့်
2023.02.21

သုံးနှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ ထိုင်းမြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကြောင့် အမှတ် -၁ ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့ ၂ဝ၂ဝ ခုနှစ် မတ်လ ၂၃ ရက်နေ့က ပိတ်ထားခဲ့ရာကနေ အခု ပြန်လည်ဖွင့်လှစ်လိုက်တာပါ။

မြန်မာဘက်ခြမ်းက တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်အပါအဝင် ဌာနဆိုင်ရာက တာဝန်ရှိသူတွေနဲ့ ထိုင်းဘက်က ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး မြန်မာဆက်ဆံရေးတာဝန်ခံ ဦးထွန်းက ပြောပါတယ်။
“မြန်မာဘက်ခြမ်းက တံတားမဖွင့်ခင်မှာ ဘုန်းကြီးတွေက ပရိတ်ရွတ်ပြီး အမျှဝေဘာညာလုပ်ပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးက တံတားဖွင့်လိုက်တယ်။ ထိုင်းဘက်ကတော့ သူတို့ဖာသာ ၇ နာရီထိုးခါနီး လာစောင့်ပြီးတော့ မြန်မာဘက်ကလည်း နှစ်ဖက် မျက်နှာချင်းဆိုင်ပြီးတော့ မိုးပျံပူဖောင်းတွေ ဖြတ်ပြီးတော့ ဖွင့်လှစ်လိုက်တယ်။ အခမ်းအနားလို ပြောတာတွေ မရှိဘူး။ ဒီလို အလွတ်တန်းပဲ ပြောကြဆိုကြတယ် အဲဒီလောက်ပဲ”

တံတားဖြတ်ကူးမယ့်သူတွေဟာ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နဲ့အတူ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးကြောင်း လက်မှတ်မိတ္တူ ပြနိုင်ရင် ဝင်ထွက်သွားလာခွင့်ရမှာဖြစ်ပြီး မနက် ၆ နာရီကနေ ည ၆ နာရီအတွင်း တံတားပေါ်ကနေ ဖြတ်သန်းခွင့်ပြုမှာ ဖြစ်တယ်လို့ ဦးထွန်းက ပြောပါတယ်။
“အပြောင်းအလဲက ကူးဗစ်စာရွက်တိုးလာတာပေါ့။ ကောင်းပါတယ်။ နှစ်ဖက်ပြည်သူတွေ သွားလာကူးလူး ဆက်ဆံရေး အဆင်ပြေသွားတာပေါ့။ မြန်မာပြည်ဘက်ကလည်း ဈေးဝယ်သွားမှာတို့ ဆေးသွားကုမှာတို့ အဆင်ပြေသလို၊ ထိုင်းဘက်ကလည်း မြန်မာပြည် သွားလည်ပေါ့။ နှစ်ဖက်ကူးသန်းသွားလာမှု အဆင်ပြေသွားတာပေါ့။ ထိုင်းက မြန်မာတွေလည်း ကိုယ့်မြန်မာပြည်ပြန်ဖို့ အဆင်ပြေသွားတာပေါ့”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ကရင်ပြည်နယ် နယ်စပ် မြဝတီ-မဲဆောက် အမှတ်- ၁ ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။