ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ပထမဆုံးစတွေ့
2024.08.21

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြည်သူ့ကျန်းမာရေး ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာထားတဲ့ မျောက်ကျောက်ရောဂါ (Monkey Pox) ဖြစ်ပွားသူကို ထိုင်းနိုင်ငံမှာ ပထမဆုံးစတွေ့ရတယ်လို့ သြဂုတ် ၂၁ ရက်မှာ ကြေညာပါတယ်။
အာဖရိကတိုက်ကနေ ဘန်ကောက်ကို ဒီလ ၁၄ ရက်မှာ ပြန်ရောက်လာတဲ့ အသက် ၆၆ နှစ်ရွယ် လူတစ်ယောက်ဆီမှာ မျောက်ကျောက်ရောဂါ လက္ခဏာ နောက်တစ်နေ့မှာ တွေ့ရတဲ့အတွက် ဆေးရုံတင်လိုက်ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။
ဓာတ်ခွဲစမ်းသပ်နေတုန်းပဲ ဖြစ်ပေမဲ့ Clade 1 မျောက်ကျောက်ရောဂါပိုးတွေ့ရတယ်လို့ တာဝန်ရှိသူတွေက ယူဆကြပါတယ်။ လူနာကိုလည်း သီးခြားခွဲထားပြီး နောက်နှစ်ရက်မှာ ဓာတ်ခွဲခန်း အဖြေသိရမယ်လို့ ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လူနာနဲ့ တွေ့ခဲ့တဲ့ လူ ၄၂ ယောက်ကိုလည်း စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။
မျောက်ကျောက်ရောဂါကြောင့် အာဖရိကမှာ လူသေဆုံးနှုန်းလည်း များနေပါတယ်။ ကွန်ဂို၊ ဘရွန်ဒီ၊ ရဝမ်ဒါနဲ့ ယူဂန္ဓာ နိုင်ငံတွေမှာ ဇူလိုင်လကတည်းက စတင်ဖြစ်ပွားတာပါ။
မျောက်ကျောက်ရောဂါဟာ တိရစ္ဆာန်ကနေ လူကိုကူးစက်ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် နီးနီးစပ်စပ်နေထိုင်ရင် လူကလူကိုလည်း ကူးစက်ပါတယ်။