ထိုင်းမှာ တစ်နှစ်အတွင်း မြန်မာနိုင်ငံသား နှစ်ထောင်နီးပါး ဖမ်းဆီးခံရ
2023.09.28

ထိုင်းနိုင်ငံမှာ တစ်နှစ်အတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ရာမှာ အဲဒီထဲ မြန်မာနိုင်ငံသား နှစ်ထောင်နီးပါး ပါဝင်တယ်လို့ ထိုင်းအလုပ်သမား ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်တဲ့ လုပ်ငန်းခွင်ပေါင်း ငါးသောင်းကျော်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ ဒီနှစ် စက်တင်ဘာလ ၂၅ ရက်နေ့အထိ ဝင်ရောက်စစ်ဆေးရာမှာ ရွှေ့ပြောင်းလုပ်သား ၃၄၆၄ ဦးဟာ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ မြန်မာနိုင်ငံသား ၁၈၅၀ ဦးနဲ့အများဆုံးဖြစ်ပြီး ကမ္ဘောဒီးယားက ၆၃၆ ဦး၊ လာအိုနိုင်ငံသား ၅၆၂ ဦး၊ ဗီယက်နမ်က ၁၄၅ ဦးနဲ့ အခြားနိုင်ငံတွေကလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ကန့်သတ်ခံထားရပြီး အခြေခံအလုပ်တွေပဲ လုပ်ခွင့်ရှိတယ်လို့ Myanmar Humanitarian Action Center (MHAC) အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။
"ထိုင်းမှာတော့ မြန်မာအလုပ်သမားတွေက အခြေခံအလုပ်တွေပဲ လုပ်ခွင့်ရှိတယ်၊ ထိုင်းနိုင်ငံသားတွေမလုပ်ချင်တဲ့အလုပ်တွေမှာပဲ လုပ်ခွင့်ရတယ်၊ ဥပမာ ဘယ်လောက်ထိ ကန့်သတ်ထားလဲဆိုရင် အလှပြင်ဆိုင်တစ်ခုမှာဆိုရင် မြန်မာအလုပ်သမား တစ်ယောက်က ဥပဒေအတိုင်းဆိုရင် ဆံပင်ညှပ်လို့ မရဘူး၊ ခေါင်းလျှော်ပေးလို့ မရဘူး၊ အလှပြင်ပေးလို့မရဘူး၊ သူလုပ်ခွင့်ရှိတာက သန့်ရှင်းရေးပဲ၊ အများဆုံး ဒူးအောက်ပိုင်းပဲ လုပ်ခွင့်ရတာ၊ ထိုင်းမှာ မြန်မာတွေက ကန့်သတ်ခံရတာများတယ်၊ အထောက်အထားမပြည့်စုံဘဲ လုပ်ရင်၊ အလုပ်လုပ်ခွင့် ထုတ်ပေးတဲ့နေရာနဲ့ အလုပ်လုပ်တဲ့ နေရာမတူဘဲလုပ်နေရင် အဲဒါမျိုးတွေမှာ ဖမ်းခံရတာရှိတယ်၊ ထိုင်းဥပဒေအတိုင်း အရေးယူခံရပြီး စာအုပ်ဖျက်သိမ်းခံရပြီး မြန်မာပြည်ပြန်ပို့ခံရတယ်"
အဖမ်းခံရသူတွေထဲက ၁၆၃၄ ဦးဟာ ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်ခွင့်မရှိတဲ့ လုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်နေတယ်လို့လည်း ဆိုပါတယ်။
ဘန်ကောက်၊ နွန်သဘူရီ၊ ချင်းမိုင်၊ ချွန်ဘူရီ၊ နခွန်ပသိုမ်နဲ့ ရနောင်းတို့မှာ ဖမ်းဆီးတာတွေ့ရှိခဲ့တာလို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
ထိုင်းအစိုးရဥပဒေအရ ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်လုပ်ခွင့် တားမြစ်ထားတဲ့ အလုပ်အကိုင်အမျိုးအစား ၄၀ ရှိပါတယ်။
တားမြစ်ထားတဲ့ အလုပ်အကိုင်တွေမှာ လုပ်ကိုင်နေတာ ဖမ်းဆီးမိရင် ဒဏ်ငွေ ဘတ် ငါးထောင်ကနေ ငါးသောင်း အထိ ပေးဆောင်ရမှာဖြစ်သလို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ခံရပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် နှစ်နှစ် အပိတ်ခံရမှာဖြစ်ပါတယ်။