ထိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးသစ်ခန့်အပ်

RFA Burmese
2024.05.01
ထိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးသစ်ခန့်အပ် အသစ်ခန့်လိုက်သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန်။
Roy Norton/ X

ရာထူးက ရုတ်တရက် နုတ်ထွက်သွားတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဖဟီထာနုကွန်နေရာမှာ သံတမန်ဟောင်းတစ်ဦးဖြစ်တဲ့ မာရစ် ဆင်ညမ်ဖုန်ကို အစားထိုးခန့်အပ်လိုက်တယ်လို့ ထိုင်းဘုရင့်နန်းတော်က ဒီနေ့ကြေညာပါတယ်။

အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ မာရစ် ဆင်ညမ်ဖုန်ဟာ ဩစတေးလျနဲ့ ကနေဒါနိုင်ငံတွေရဲ့ ထိုင်းသံအမတ်ဟောင်းတစ်ဦးလည်း ဖြစ်သလို၊ ရာထူးကနုတ်ထွက်သွားတဲ့ ပန်ပရီရဲ့ အကြံပေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

မြန်မာပြည်က တိုက်ပွဲတွေအကြောင်းလေ့လာဖို့ ထိုင်းနိုင်ငံ မဲဆောက်ထိသွားခဲ့တဲ့ ပန်ပရီ ဖဟီထာနုကွန်ဟာ အစိုးရအဖွဲ့ အပြောင်းအလဲအတွင်း ဒုတိယဝန်ကြီးချုပ်နေရာကနေ ဖယ်ရှားခံရပြီးနောက် ရာထူးကနေ နုတ်ထွက်သွားတာဖြစ်ပါတယ်။

ပန်ပရီဟာ မြန်မာအရေး ဖြေရှင်းနိုင်ရေး ထိုင်းအစိုးရကော်မတီမှာ ဦးဆောင်သူတစ်ဦးဖြစ်တာကြောင့် အခု မာရစ်ကိုရော အဲဒီကော်မတီဦးဆောင်သူအဖြစ် ခန့်အပ်မလားဆိုတာကတော့ မသိရသေးပါဘူး။

မြန်မာ့အရေးဖြေရှင်းမယ့် တွေ့ဆုံဆွေးနွေးပွဲဖြစ်လာဖို့ ထိုင်းက ကြားဝင်ညှိနှိုင်းပေးဖို့ အသင့်ရှိနေပြီး၊ မြန်မာဒုက္ခသည်တွေကို ထပ်မံလက်ခံဖို့ အဆင်သင့်ပြင်ထားပြီလို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။