မြန်မာလက်နက်ကိုင်တွေနဲ့ သက်ဆင်တွေ့ဆုံမှု ထိုင်းအစိုးရနဲ့ မသက်ဆိုင်

RFA Burmese
2024.05.07
မြန်မာလက်နက်ကိုင်တွေနဲ့ သက်ဆင်တွေ့ဆုံမှု ထိုင်းအစိုးရနဲ့ မသက်ဆိုင် ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေရာမှ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ နေ့က ဒွန်မောင်းလေဆိပ်တွင် တွေ့ရစဉ်။
AFP

မြန်မာစစ်တပ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တွေ့ဆုံမှုဟာ အစိုးရနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် မာရစ် ဆင်ညမ်ဖုန်က ဒီနေ့ပြောဆိုလိုက်ပါတယ်။

သက်ဆင်ဟာ ပြီးခဲ့တဲ့လတွေအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ KNO ကချင်အဖွဲ့စတဲ့ လက်နက်ကိုင်တွေနဲ့ သီးခြားစီ တိတ်တဆိတ်တွေ့ဆုံခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တာပါ။

ဒီတွေ့ဆုံမှုဟာ သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်တာဖြစ်သလို၊ မြန်မာလက်နက်ကိုင်တွေဘက်က သက်ဆင်ကို တောင်းဆိုခဲ့တာတွေရှိရင်လည်း သူတို့တွေနဲ့ပဲဆိုင်ပြီး ထိုင်းအစိုးရနဲ့ လုံးဝမပတ်သက်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကိုပြောဆိုကြောင်း ထိုင်း PBS သတင်းကဖော်ပြပါတယ်။

သက်ဆင်ရှင်နာဝပ်ဟာ ၂ဝဝ၆ ခုနှစ် ထိုင်းနိုင်ငံ အာဏာသိမ်းပွဲမှာ ဝန်ကြီးချုပ်ရာထူးကနေ ဖြုတ်ချခံခဲ့ရပါတယ်။ အဲဒီနောက် ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်ပြီး ၂ဝ၂၃ ခုနှစ်နှောင်းပိုင်းမှာ ထိုင်းနိုင်ငံပြန်ရောက်လာတာ ဖြစ်ပါတယ်။

ပြည်တော်ပြန်လာတဲ့သူ့ကို အာဏာအလွဲသုံးစားမှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခဲ့ပေမဲ့ ထိုင်းဘုရင်ဆီ အသနားခံစာရေးခဲ့တာကြောင့် ထောင်ဒဏ်တွေ လျှော့ပေါ့ခံစားခွင့်ရပြီး ခံဝန်နဲ့ လွှတ်ထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရေးလေ့လာသုံးသပ်သူတချို့ကတော့ သက်ဆင်ဟာ နိုင်ငံခြားရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေပြီး၊ အဲဒါကြောင့် ဝန်ကြီးဟောင်း ပန်ပရီ ဖဟီထာနု ကွန်နုတ်ထွက်သွားတာလို့ ပြောဆိုနေတဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မြန်မာအရေးဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးပွဲဖြစ်လာရေး ထိုင်းက ကြားဝင်ညှိနှိုင်းပေးဖို့ အသင့်ရှိနေပြီး၊ မြန်မာဒုက္ခသည်တွေကို ထပ်မံလက်ခံဖို့ အဆင်သင့်ပြင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကို လက်ပိုက်ကြည့်နေမယ်ဆိုရင် အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံအတွက်လည်း ဒုက္ခရောက်လာနိုင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် မာရစ် ဆင်ညမ်ဖုန်က ဒီနေ့ထပ်မံပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။