ထိုင်းမှောင်ခို ကြက်ဥ အန္တရာယ်
2015.01.05
ထိုင်းနိုင်ငံကဘက်က တရားမဝင် မှောင်ခိုသွင်းလာတဲ့ ကြက်ဥ၊ ဘဲဥတွေကြောင့် ကြက်ငှက်တုတ်ကွေးရောဂါ ကူးစက် ပျံ့ပွားလာမယ့်အန္တရာယ် နဲ့ဒေသတွင်း ကြက်ဥဈေးကွက်ပြိုလဲသွားမယ့်အရေး မြန်မာ ကြက်မွေးမြူရေးသမားတွေ စိုးရိမ်နေကြကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်း ကဖေါ်ပြပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့က ထိုင်းနိုင်ငံက မှောင်ခိုဝင်လာတဲ့ ကြက်ဥ၊ ဘဲဥ ငါးသောင်း ကျော် ဖမ်းမိခဲ့ပြီး၊ နိုဝင်ဘာလ ကလည်း လေးသောင်းကျော် ဖမ်းမိခဲ့ပါတယ်။
ကြက်ကောင်ရေ ငါးရာ ရှိတဲ့ ကြက်ခြံအတွက် အရင်းအနှီး မတည်ငွေ ကျပ်ငွေ သိန်းသုံးဆယ် လိုအပ်တာမို့ မှောင်ခို ကြက်ဥတွေ ကတဆင့် ကြက်ငှက်တုတ်ကွေး ကူးစက်ခံရလို့ ကြက်ခြံပြုတ်သွားရင် နောက်ထပ်ရင်းနှီးဖို့မလွယ် ကူကြောင်း မော်လမြိုင်မြို့က ကြက်မွေးမြူရေးသမားတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် ဈေးကွက်မှာ မြန်မာကြက်ဥတစ်လုံးကို ၈၀ ကျပ် ရောင်းဈေးရှိရာမှာ၊ ထိုင်းမှောင်ခို ကြက်ဥတစ်လုံးက ၅၀ ကျပ်သာ ရှိတာမို့၊ မယှဉ်ပြိုင်နိုင်ဘဲ ကြာရင် ဒေသတွင်း ကြက်ဥဈေးကွက်ပြိုလဲသွားမယ့်အရေး စိုးရိမ်နေကြတယ် လို့လည်း ပြောဆိုပါတယ်။