ထိုင်းမှာ ပြစ်ဒဏ်ကျခံရပြီး လွတ်မြောက်လာသူ မြန်မာ ၁၈၉ ဦးကိုနေရပ်ပြန်ပို့

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံရပြီးနောက် လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈၉ ဦးကို အောက်တိုဘာလ ၂၈ ရက်နေ့က ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တယ်လို့ မနေ့ကထုတ် ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံကို အလုပ်ရှာဖို့ တရားမဝင် ဝင်လာတာကြောင့် ဖမ်းဆီးထိန်းသိမ်းခံရလို့ တရားဥပဒေအရ ပြစ်ဒဏ်ခံရပြီးနောက် လွတ်ရက်စေ့ မြန်မာလုပ်သား အမျိုးသား ၁၄၃ ဦးနဲ့ အမျိုးသမီး ၄၆ ဦးတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ကို ပို့ဆောင်လိုက်တယ်လို့ ဖော်ပြထားပါတယ်။
ရနောင်းမြို့ ထိုင်းရေကြောင်းထိန်းသိမ်းရေးစစ်ဌာနချုပ် တိုင်းမှူး ဗဟိုဌာနယ်မြေ ၃ က ဒုတိယညွန်ကြားရေးမှူး၊ လုံခြုံရေးအေဂျင်စီက ကိုယ်စားလှယ်တွေ၊ မြန်မာစစ်ကောင်စီ သံမှူး ဦးတင်အောင်တို့က ပို့ဆောင်လိုက်တယ်လို့ လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာလို့ ဖမ်းဆီးခံရပြီး ထိုင်းအကျဉ်းထောင်တွေမှာ ၄၅ ရက်ကြာ ကျခံရပြီးနောက် နေရပ်ပြန်ပို့တာ ဖြစ်တယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။
၂ဝ၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ကနေ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ထိ ထိုင်းနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ထိုင်းအကျဉ်းထောင်တွေကနေ လွတ်ရက်စေ့ နေရပ်ပြန် မြန်မာလုပ်သားတွေနဲ့ ပြည်တော်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း ၄၉ဝဝဝ လောက်ရှိပြီလို့ ဦးမိုးကြိုးက ပြောပါတယ်။ အများစုက ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးထောင်ကျခံရသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဟာ ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးမှုကို နေ့စဉ်ဆိုသလို ခံနေရပြီး အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ဖမ်းဆိးခံရသူ မြန်မာလုပ်သား ၂၀၀၀ လောက်ရှိတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။