ထိုင်းစက်ရုံက တရားဝင်မြန်မာအလုပ်သမားတွေ အလုပ်ဖြုတ်ခံရ
2012.12.07
“ကျနော်တို့က တင်ပြတဲ့အခါမှာ သူတို့က ဒါထုံးစံပဲဖြတ်မှာပဲတဲ့၊ ထိုင်းနိုင်ငံမှာ ရေဖိုးမီးဖိုး အလကားမရပါဘူးတဲ့ နေထိုင်ခွင့်လဲ မရပါဘူးတဲ့ ဒါတွေက သူတို့ထုံးစံဖြစ်ပါတယ်လို့ တင်ပြတယ်၊ အဲဒီအချိန်မှာ ကျနော်တို့ကို သူတို့က ဘာပြောလဲဆိုတော့ မင်းတို့နိုင်ငံက လာတဲ့စာချုပ်နဲ့ ဒီဘက်ကစာချုပ်နဲ့ မတူဘူးတဲ့ ဒါတွေကို ငါတို့ကလည်း မသိဘူးတဲ့ သူတို့မသိဘူးဆိုတာ ကျနော်တို့က မယုံနိုင်ဘူး နောက်ပြီးကျနော်တို့ စာချုပ်ကဒီဘက်မှာ အသုံးမဝင်ဘူးလို့ပြောတော့ ကျနော်တို့နိုင်ငံက အလကားဖြစ်နေပြီ လူကြီးတွေက လိမ်ရောင်းစားသလို ဖြစ်နေပြီ၊ မဖြစ်နိုင်ဘူးလေ အဲဒီအတွက် ကျနော်တို့က ကန့်ကွက်ပါတယ် သူတို့ကို ကျနော်တို့က ဒီစာချုပ်က အမှန်နဲ့ လာတာပါ၊ အဲဒီအတွက် ကျနော်တို့ရဲ့ သက်ဆိုင်ရာ ကျနော်တို့ရဲ့နိုင်ငံကို တင်ပြပါမယ်”
အလုပ်ထုတ်ခံလိုက်ရတဲ့ ဒီမြန်မာအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ကနေ မြဝတီမြို့၊ ဆေးရုံလမ်း၊ မြစန္ဒီပန်းခြံမှာ အခြေစိုက်တဲ့ သရဝဏ်ကုမ္ပဏီ အစီအစဉ်နဲ့ MOU စာချုပ်ချုပ်ဆိုကာ ထွက်ခွာလာခဲ့တာဖြစ်ပြီး ၈ ရက်နေ့မှာ အလုပ်စဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် ပထမဆုံးလုပ်ခကို နိုဝင်ဘာ ၂ဝ ရက်နေ့က ရှင်းပေးရာမှာ လုပ်ခတပတ်ကို အခန်းခအဖြစ်ဘတ် ၃ဝဝ၊ ဝတ်စုံဖိုးဘတ် ၄ဝဝ ကျော်နဲ့ ရေဖိုး၊ မီးဖိုးတွေ ဖြတ်ထားတာတွေ့လို့ MOUစာချုပ်ထဲမှာ ဒါတွေဟာ စက်ရုံကအကုန်အကျခံမယ်လို့ ရေးသားချုပ်ဆိုခဲ့တာကြောင့် အလုပ်သမားတွေက မဖြတ်ဖို့ တင်ပြခဲ့ရာမှာ စက်ရုံအုပ်ချုပ်ရေးက နောက်မဖြတ်တော့ဘူးလို့ ကတိပေးခဲ့ပါတယ်။
ဒါပေမယ့် အခုလ ၃ ရက်နေ့ လုပ်အားခကိုရှင်းပေးဖို့ ကြေညာရာမှာလည်း ထပ်မံဖြတ်ထားတာကြောင့် ဒါကိုဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပြီး အလုပ်မဆင်းဘဲ နေရာကနေ အလုပ်ဖြုတ် ခံလိုက်ရတာဖြစ်ပါတယ်။
ဒီစက်ရုံမှာ အလုပ်သမားပေါင်း ၁၅ဝဝခန့်ရှိပြီး၊ ဒီအထဲမှာ မြန်မာပြည်သား ၁ဝဝဝ ခန့်ပါဝင်ပါတယ်၊ အခုပြဿနာတက်တဲ့ အလုပ်သမား ၁ဝ၂ ဦးကတော့ ပထမဦးဆုံးအကြိမ် MOUနဲ့ လာရောက်ကြတာဖြစ်ပြီး အခုချိန်အထိ အလုပ်သမားတွေရဲ့ ပတ်စပို့စ်ကို စက်ရုံကသိမ်းဆည်းထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။