ဇောတိက ဓာတ်ငွေ့လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုရဖို့ ထိုင်းကြိုးပမ်း

မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့မှာ ရှိတဲ့ ရေနံသဘာဝဓာတ်ငွေ့လုပ်ကွက် ၅ နေရာအတွက် စီးပွားဖက် ရင်းနှီးမြှုပ်နှံသူ အသစ်တွေ ရဖို့ ထုတ်လုပ်ခွင့် ရထားတဲ့ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက ဆွေးနွေးနေတယ်လို့ အမှုဆောင်အရာရှိချုပ် အန်နွံ ဆီရီဆောင်း တပ်ဆင်က ပြောကြားပါတယ်။

2010.08.12
gas_fields_PTTEP_305_Z မြန်မာ့ ကမ်းလွန်ပင်လယ်တွင် ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိထားသော သဘာဝ ဓာတ်ငွေ့ လုပ်ကွက်များကို အဝါရောင်ဖြင့် ဖော်ပြထားပါသည်။ (RFA Map)
(RFA Map)

PTTEP အနေနဲ့ ထိုင်းဖက်က ထိန်းချုပ် လည်ပတ်မယ့် လုပ်ကွက် ၅ ခုဖြစ်တဲ့ M3, M4, M7, M9 နဲ့ M11 တွေ အတွက် အကျိုးတုူ ပူးပေါင်းလုပ်ကိုင်နိုင်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ရှာဖွေနေပြီး လုပ်ကွက်တခုကို ရှယ်ယာရှင် တဦးချင်းစီထက် အားလုံးနဲ့ အကျိုးတူလုပ်နိုင်သူတွေကို ဦးစားပေး ဆွေးနွေးနေတယ်လို့ မစ္စတာ အန်နွံက ပြောပါတယ်။

လုပ်ကွက် ၅ ခုစလုံးအတွက် ထိုင်းဖက်က တာဝန်ယူလုပ်ကိုင်ဖို့ သဘောတူထားပေမယ့် ဓာတ်ငွေ့ဝယ်ယူရေး စာချုပ်ကိုတော့ PTTEP နဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတို့အကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

စာချုပ်အရ ဒီလုပ်ငန်းတွေကို မြန်မာစစ်အစိုးရရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE က အစုရှယ်ယာ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး ကျန်တဲ့ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကျော်ကို ထိုင်းကုမ္ပဏီက ပိုင်ဆိုင်ထားပါတယ်။

M9 လုပ်ကွက် ဇောတိက ဓာတ်ငွေ့တွင်းက ထွက်မယ့် ဓာတ်ငွေ့တွေကို ၂၀၁၃ ခုနှစ်ကစပြီး တနေ့ကို ကုဗပေ သန်း ၃၀၀ အထိ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒီအထဲက ကုဗပေ သန်း ၂၄၀ ကျော်ကို ထိုင်းနိုင်ငံဖက်ကို တင်ပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျန်တဲ့ လုပ်ငန်း ၄ ကွက်ကိုတော့ ရှာဖွေ စမ်းသပ်တာတွေကို လာမယ့်နှစ်မှာ စတင်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။