ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည်

ထိုင်းဝန်ကြီးချုပ် အဘိဆစ်ဟာ လာမဲ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ၁ ရက်ကြာ ချစ်ကြည်ရေး လာရောက်ဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ် ပီရိုမြာကို ကိုးကားပြီး Bangkok Post သတင်းစာက အောက်တိုဘာ ၁ ရက် ဒီကနေ့ ရေးသားလိုက်ပါတယ်။

2010.10.01
abhisit_thai_305_z.jpg ထိုင်းဝန်ကြီးချုပ် အာဘီဆစ် ဗက်ဂျာယီဗာကို ဗန်ကောက်မြို့ရှိ အစိုးရ အိမ်တော်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
>မစ္စတာအဘိဆစ်အနေနဲ့ မြန်မာနဲ့ ၂ နိုင်ငံ ပူးပေါင်းဆက်ဆံရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိပြီး နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မြန်မာအစိုးရဆီက ရှင်းလင်း ပြောကြားလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း၊ နောက် နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေ၊ တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ အရေးကို ဆွေးနွေးဖို့ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်းဖက်က တချို့တဝက် အကုန်ကျခံ ဆောက်ထားတဲ့ နယ်စပ် လမ်းတံတားတွေ အပါအဝင် ၂ နိုင်ငံ နယ်စပ်ဆက်ဆံရေးအတွက် ညှိနှိုင်းဆွေးနွေးဖို့ ထိုင်းနိုင်ငံဖက်က ပြင်ဆင်ထားတာတွေကို မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို ရှင်းလင်းပြဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

လွတ်လပ်တရားမျှတပြီး သက်ဆိုင်သူအားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ဖြစ်မှသာ နောက်တက်လာမဲ့ အစိုးရအပေါ် ပြည်သူနဲ့ နိုင်ငံတကာက လက်ခံယုံကြည်မှု ရမှာဖြစ်သလို အာဆီယံအဖွဲ့ကြီးအတွက်လည်း နိုင်ငံတကာအလယ်မှာ သိက္ခာရှိမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကာဆစ်က ပြောပါတယ်။

မစ္စတာကာဆစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အစည်းအဝေးကို တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-10-02 13:29

Myawaddy border trade, phwint aung swe nwe naing yin taw par pyi!