ထိုင်းရောက် MOU အလုပ်သမား သုံးရာခန့် အလုပ်လက်မဲ့ ဖြစ်နေ
2024.09.30

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စီရတ်ချာမြို့မှာ နှစ်နိုင်ငံ သဘောတူညီမှု အလုပ်အကိုင်စာချုပ် (MOU) စနစ်နဲ့ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၇၃ ဦးဟာ စာချုပ်မှာပါတဲ့ အလုပ်မလုပ်ရတာကြောင့် အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
မြန်မာအလုပ်သမားတွေဟာ ချွန်ပူရီခရိုင်၊ လယောင်မြို့မှာ ရေလိုင်း၊ မီးလိုင်း တပ်ဆင်တဲ့ အလုပ်ရမယ်ဆိုပြီး ကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့ပေမဲ့ ရောက်တဲ့နေ့မှာပဲ ကုမ္ပဏီက ဒေဝါလီခံသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သွားလုပ်ရမယ်ဆိုပြီး အေဂျင်စီဘက်က ဖိအားပေးနေတယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) အဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက RFA ကို ပြောပါတယ်။
“ပထမတုန်းက ရေလိုင်း၊ မီးလိုင်းနဲ့ဆိုပြီး စာချုပ်ချုပ်ထားတယ်။ ဒေဝါလီခံလိုက်ရလို့ သူဌေး ပြေးသွားလို့ဆိုပြီး အကြောင်းပြတယ်။ ပြီးတော့ ဆောက်လုပ်ရေးတစ်ခုမှာ အလုပ် ရှာပေးမယ်ဆိုပြီး အလုပ်သမားတွေကို လာခေါ်သွားတယ်။ ဟိုရောက်တော့လည်း ဆောက်လုပ်ရေးက မပေးနိုင်ဘူး။ နေရာတစ်နေရာမှာ သွားထည့်ထားတယ်။ ဒါပေမဲ့ အဲဒီနေရာတွေမှာလည်း နေလို့မရဘူး။ အရင်နေရာကို ပြန်ရောက်နေကြတယ်။ လက်ရှိတော့ အလုပ်သမားတွေ စားဝတ်နေရေး ခက်ခဲနေတယ်။ အလုပ်လည်း မရှိသေးဘူး”
အလုပ်သမား ၂၇၃ ဦးဟာ ချွန်ပူရီခရိုင်၊ လယောင်မြို့မှာရှိတဲ့ ကုမ္ပဏီတစ်ခုမှာ ရေလိုင်း၊ မီးလိုင်းတွေနဲ့ အလုပ်လုပ်ဖို့အတွက် မြန်မာဘက်က ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုဖြစ်တဲ့ Zin Tun Win 999 ကုမ္ပဏီနဲ့ နှစ်နှစ် စာချုပ်ချုပ်ပြီး စက်တင်ဘာ ၁၃ ရက်နေ့မှာ လယောင်မြို့ကို ရောက်လာကြတာပါ။
ဒီအခြေအနေအပေါ် Zin Tun Win 999 ကုမ္ပဏီကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရမှာ ရုံးတာဝန်ရှိသူတွေ မရှိတာကြောင့် လတ်တလော မဖြေကြားနိုင်သေးကြောင်း ပြောပါတယ်။
MOU စာချုပ်ပါ စည်းကမ်းချက်တွေကို ချိုးဖောက်တဲ့ ထိုင်းနိုင်ငံဘက်အခြမ်းက အေဂျင်စီတွေကို ထိုင်းနိုင်ငံဥပဒေအရ အရေးယူနိုင်ဖို့ တိုင်ကြားမယ်လို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။
မြန်မာဘက်အခြမ်းက အေဂျင်စီနဲ့ပတ်သက်ပြီး အရေးယူနိုင်ဖို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်ပေမဲ့ ဒီအပေါ် တုံ့ပြန်ဆောင်ရွက်ပေးတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ အလုပ်လုပ်ကိုင်ဖို့ သွားကြပေမဲ့ ဒီလိုဖြစ်စဥ်တွေ အခုနောက်ပိုင်း မကြာခဏ ဖြစ်လာနေတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။