မြန်မာမှာပိတ်မိနေတဲ့ တရုတ်အယောက် ၉ဝဝ ကို ထိုင်းကယ်တင်
မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား အယောက် ၉ဝဝ လောက်ကို ထိုင်းအစိုးရအကူအညီနဲ့ နေရပ်ပြန်ပို့ပေးခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က မတ်လ ၃ ရက် ဒီကနေ့ ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မှာပိတ်မိနေတဲ့ အဲဒီတရုတ်နိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ကယ်တင်ပြန်ပို့ပေးတာဖြစ်ပြီး၊ တရုတ်နိုင်ငံဘက်က အတင်းအကျပ်ခိုင်းလို့လုပ်တာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းကဖော်ပြပါတယ်။
သူတို့တွေကို မြန်မာဘက်ခြမ်း မြဝတီမြို့ကနေတစ်ဆင့် ထိုင်းဘက်ခြမ်း မဲဆောက်မြို့ကို ကယ်တင်လာခဲ့တာဖြစ်ပြီး တရုတ်အစိုးရက လေယာဉ် ၁၅ စီးနဲ့ လာခေါ်သွားတယ်လို့ ထိုင်းဒုရဲချုပ်ကလည်း ပြောပါတယ်။
မြန်မာနဲ့ တရုတ်အာဏာပိုင်တွေပူးပေါင်းပြီး မြန်မာနိုင်ငံထဲ အခြေစိုက်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နိမ်နင်းနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်နှစ် နိုဝင်ဘာလထဲမှာ သံသယရှိတဲ့သူ သုံးသောင်းတစ်ထောင်ကျော်ကို မြန်မာကတရုတ်ဘက် လွှဲပြောင်းပေးခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မှာဖြစ်တဲ့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားအယောက် ၂ဝဝ ကျော်ကို တရုတ်အစိုးရကကယ်ထုတ်ပြီး ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာ ထိုင်းဘက်ပြန်ပို့ခဲ့ဖူးပါတယ်။