ထိုင်းငါးဖမ်းလှေပေါ်က လူကုန်ကူးခံရတဲ့ မြန်မာ ၁၉ ဦး ထိုင်းရဲကယ်တင်


2016.07.11
mat-save-workers-620.jpg ထိုင်းနိုင်ငံတောင်ပိုင်း ပါသနီမြို့ ထနောင်စပ် ငါးဖမ်းလှေဆိပ်မှာ လူကုန်ကူးခံရတဲ့ မြန်မာတွေကို တွေ့ရစဉ်
Photo: Tee Saionetwo/ Facebook

ထိုင်းနိုင်ငံတောင်ပိုင်း ပါသနီမြို့ ထနောင်စပ် ငါးဖမ်းလှေဆိပ်မှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နဲ့ ထိုင်းအထူးရဲတပ်ဖွဲ့က မနေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေကို အင်ဒိုနီးရှားသွားမယ့် ငါးဖမ်းလှေပေါ်မှာ ပိတ်လှောင်ထားတာ တွေ့ရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဥက္ကဌ ဦးကျော်သောင်းက ပြောပါတယ်။

"ဒီအလုပ်သမားတွေက ထနောင်စပ် ငါးဖမ်းလှေဆိပ်က အင်ဒိုငါးဖမ်းလှေပေါ်မှာ ပိတ်လှောင်ထားတာ၊ သူတို့ ဘာမှအပြင်ကို ထွက်လို့မရဘူး၊ ဖမ်းဆီးရမိတဲ့လှေက လှေအကြီးကြီးပဲဗျ၊ အင်ဒိုငါးဖမ်းလှေရေကြောင်း ကို ရောက်သွားလို့ရှိရင် အနည်းဆုံး ရှေ့နှစ်မှပြန်ဝင်တာ"

ထနောင်စပ် ငါးဖမ်းလှေဆိပ်ကနေ ကယ်ဆယ်နိုင်ခဲ့တဲ့ အလုပ်သမား ၁၉ ယောက်မှာ အသက် ၁၃ နှစ်ကနေ ၃၄ နှစ်အရွယ် လူငယ်တွေဖြစ်ပြီး မွန်ပြည်နယ် သိမ်ဖြူဇရပ်မြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေဖြစ်တယ်လို့ စစ်ဆေးသိရှိရကြောင်း ဦးကျော်သောင်း က ပြောပါတယ်။

အဲဒီမြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံ ကယ်ဆယ်ရေးစခန်းတွေမှာ ထားရှိပြီး အနည်းဆုံး ၆ လ ဒါမှမဟုတ် တစ်နှစ်လောက်အကြာ မှာ မြန်မာနိုင်ငံ ကို ပြန်ပို့မှာဖြစ်ပါတယ်။

အဲ့ဒီ မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံရတဲ့သတင်းကို မွန်ပြည်နယ် ကျိုက္ခမီနယ်မြေ ရဲစခန်းမှုး၊ ထားဝယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိပ်တို့က MAT အဖွဲ့ထံ အကြောင်းကြားတာကြောင့် ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD နဲ့ ပူးပေါင်းပြီး ကယ်တင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလှေဆိပ်မှာ လူကုန်ကူးနေတဲ့ မြန်မာတချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဦးကျော်သောင်း က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ဦးကျော်သောင်း ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။