တရားခံမဟုတ်ရင် ထိုင်းရဲက ဖမ်းဆီးဝံ့မှာမဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြောကြား
2014.10.10

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗြိတိသျှကမ္ဘာလှည့် ခရီးသွားစုံတွဲ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်း ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချားက မနေ့က ကာကွယ်ပြောကြား လိုက်ပါတယ်။
ခိုတောင်းကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ထင်ရောင်ထင်မှားရေးသားနေတာတွေကို ရပ်တန့်ဖို့ သတင်းမီဒီယာတွေကို ပြောကြားလိုကြောင်း၊ စုံစမ်းစစ်ဆေးနေသူတွေအနေနဲ့ သူတို့အလုပ်ကို လွတ်လွတ်လပ်လပ်လုပ်စေလိုကြောင်း မြန်မာနိုင်ငံက ၂ ရက်ကြာခရီးက ပြန်ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ် က လေဆိပ်မှာ သတင်းထောက်တွေကို ပြောကြား ပါတယ်။
အာဏာပိုင်တွေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေ စနစ်တ ကျရှိနေပြီး နိုင်ငံတကာက အလွန်စိတ်ဝင်စားနေတဲ့ ဒီအမှု အတွက် တရားခံမဟုတ်သူကို ဘယ်သူမှ ဖမ်းဆီးရဲမှာ မဟုတ်ပါဘူးလို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဗြိတိန်နိုင်ငံနဲ့ တခြားနိုင်ငံခြား တိုင်းပြည်တွေက ယုံကြည်နားလည်မှုရအောင် လုပ်ဆောင်ရ မှာဖြစ်ကြောင်း၊ နိုင်ငံတကာအနေနဲ့ ဒုစရိုက်ကျူးလွန်သူ တရားခံတွေကို မြန်မြန်ဆန်ဆန်ဖမ်းဆီးမိတာကို အံ့သြနေတာလည်းဖြစ်နိုင်ကြောင်း၊ သူတောင်ဝမ်းသာအံ့သြမိကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
မနေ့က မြန်မာခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးအမှုကို စုံစမ်းဖော်ထုတ်ရာမှာ ပွင့်လင်းမှု၊ တရားမျှတမှုရှိရှိဆောင်ရွက်ဖို့ သမ္မတ ဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်ကို တိုက်တွန်းခဲ့တယ်လို့ နေပြည်တော်မှာ သမ္မတရုံးက RFA ကို ပြောကြားခဲ့ပါတယ်။အလားတူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း လိပ်ကျွန်းလူသတ်မှု အမှုမှန်ပေါ်ပေါက်ရေး တရားဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်က ဖမ်းဆီးခံထားရတဲ့ မြန်မာနှစ်ဦးကို တရားခံတွေလို့ တိတိကျကျ မသတ်မှတ်နိုင်သေးကြောင်း၊ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင် ဒီကိစ္စကို တရားမျှတမှုရှိရှိ ကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ကတိပြု ပြောကြားခဲ့တယ်လို့ သိရပါတယ်။