ထိုင်းမှာကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းရဲ ဖျက်သိမ်း


2018.09.10
thai-police-622 ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ကျင်းပဖို့စီစဉ်ထားတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအခမ်းအနားကို တွေရစဉ်
Photo: ASSOCIATED PRESS

ထိုင်းနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ တရပ်ကို ထိုင်းရဲတပ်ဖွဲ့က ဖျက်သိမ်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်တွေနဲ့ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစုတွေအပေါ် မြန်မာ့တပ်မတော်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်ခဲ့တာတွေနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တရားစွဲဆိုသင့်မသင့် ဆွေးနွေးပွဲကို ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ကျင်းပဖို့စီစဉ်ထားတာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးထွန်းခင်၊ ထိုင်းသံအမတ်ဟောင်း ကော့ဆက် ချူတီကော နဲ့ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် ကိုယ်စားလှယ် ကင်စလေ အက်ဘော့ တို့က ဆွေးနွေး ပြောကြားကြမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ မစခင်မှာ ထိုင်းရဲတပ်ဖွဲ့ဝင်ဦးရေ တစ်ဒါဇင်လောက် ရောက်ရှိလာခဲ့ပြီး၊ ပွဲကို ဖျက်သိမ်းဖို့ ပြောဆိုခဲ့ ပါတယ်။ ဒီဆွေးနွေးပွဲဟာ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားဆက်ဆံရေးတွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင်၊ မငြိမ်မသက်မှုတွေ ပေါ်ပေါက်လာအောင် ဖန်တီးလိုသူတွေအတွက် အခွင့်အလမ်း ပေါ်ပေါက်သွားစေနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့တယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။

ဒါ့ပြင် ရဲမှူးဖြစ်သူက ပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုနေတာမဟုတ်၊ အမိန့်ပေးနေတာလို့ ပြောခဲ့ကြောင်းလည်း ဖေါ်ပြပါတယ်။

နိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌဖြစ်သူ ဒိုမီနစ်ဖေါ်လဒါ က သူ့အနေနဲ့ ပွဲဖျက်သိမ်းကြောင်း ကြေညာရုံက လွဲလို့ တခြားရွေးစရာမရှိကြောင်း၊ ဝမ်းနည်းစိတ်ပျက်မိကြောင်း ပြောဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ဆွေးနွေးပွဲတွေ ဖျက်သိမ်းခဲ့ရတာ အခုထိ ၆ ကြိမ် ရှိပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။