ခိုးဝင်မြန်မာ ၇၆ ဦးနဲ့ ထိုင်းပွဲစားကို ထိုင်းရဲတွေ ဖမ်းဆီး
2015.05.12

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာ တဲ့ မြန်မာနိုင်ငံသား ၇၆ ယောက်ကို ထိုင်းအမျိုးသား လူပွဲစားတစ်ဦးနဲ့အတူ နယ်စပ် ဘုရားသုံးဆူမြို့အနီး ထိုင်းနိုင်ငံ ထောဖာဖွန်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲနဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဟာ ကားနှစ်စီးနဲ့ တင်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၇၆ ယောက်ကို ဖမ်းဆီးရမိခဲ့တာလို့ ထောဖာဖွန်ရဲစခန်းက ထိုင်းရဲအရာရှိက RFA ကို အတည်ပြု ပြောဆိုပါတယ်။
“အခုလောလောဆယ် စုံစမ်းမေးမြန်းနေတုန်းဖြစ်ပြီး စုစုပေါင်း ၇၆ ယောက်ဖြစ်ပါတယ်၊ မြန်မာနိုင်ငံကနေ လာကြတာပါ၊ ထိုင်းဘာသာစကား တစ်ယောက်မှ မပြောတတ်ကြပါဘူး၊ သူတို့အားလုံးကို ထိန်းသိမ်း ထားပြီး တရားခံကိုတော့ စစ်ဆေးမေးမြန်းပါတယ်။ သူ့ကို ဥပဒေအရ အရေးယူသွားမှာဖြစ်သလို တရား မဝင် မြန်မာနိုင်ငံသားတွေကိုတော့ လိုအပ်တဲ့ကိစ္စတွေ ပြီးစီးသွားတဲ့အခါ မြန်မာနိုင်ငံ ပြန်ပို့သွားမှာပါ”
ဖမ်းဆီးရမိသူတွေထဲမှာ အသက် ၁၈ နှစ်အောက် လူငယ်တစ်ယောက်နဲ့ အမျိုးသမီး ၅ ယောက်ပါဝင်ပြီး ကန်ချနဘူရီခရိုင် အနီးတစ်ဝိုက်က စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ခေါ်လာတာဖြစ်ကြောင်း၊ ထိုင်းပွဲစားအတွက် တစ်ယောက်ကို ထိုင်းဘတ်ငွေ ၃၀၀၀ စီ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
လောလောဆယ် သူတို့အားလုံးကို ထောဖာဖွန်ရဲစခန်းမှာ ဖမ်းဆီးချူပ်နှောင်ထားပြီး ထိုင်းတရားဥပဒေ အရ ဆောင်ရွက်ပြီးစီးသွားတဲ့အခါ မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့သွားမှာဖြစ်တယ်လို့ ထိုင်းရဲအရာရှိတွေ က ပြောပါတယ်။