ရိုဟင်ဂျာ စောင့်ကြည့်မှု ထိုင်း ရေတပ်တိုးမြှင့်
2016.11.19
ထိုင်းအစိုးရ ရေတပ်ဖွဲ့က ရခိုင်ပြည်နယ်ကနေ လှေတွေနဲ့ ထွက်ပြေးလာမယ့် ရိုဟင်ဂျာတွေကို စောင့်ကြည့်ရေး အတွက် ကပ္ပလီပင်လယ်အတွင်း ရေကြောင်းနဲ့ လေကြောင်းဆိုင်ရာ ထောက်လှမ်းမှုတွေကို တိုးချဲ့ဆောင်ရွက်နေ တယ်လို့ ဘန်ကောက်Nမို့က စနေနေ့လာတဲ့ သတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။
မုတ်သုံရာသီကုန်ဆုံးပြီးနောက် ပင်လယ်ပြင်မှာ လှိုင်းလေငြိမ်သက်တဲ့အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေကြောင့် ထွက်ပြေးလာမယ့်သူတွေ ပိုမိုများပြားလာနိုင်တဲ့အတွက် ခုလို ကင်းလှည့်မှုတွေကို တိုးမြှင့်ရတာဖြစ်တယ်လို့ ထိုင်း ရေတပ်ဖွဲ့ ဒု ဗိုလ်ချုပ်ကြီး ဆူရာပိုလ် Surapol က ပြောပါတယ်။
ဒီအတောအတွင်း သြစတြေးလျနိုင်ငံ မဲလ်ဘန်း Melbourne မြို့က ဘဏ်တစ်ခုအတွင်းမှာ စနေနေ့ မနေ့က မြန်မာနိုင်ငံက ထွက်ပြေးလာသူတစ်ယောက် သူ့ကိုယ်သူ ဓါတ်ဆီလောင်းမီးရှို့ခဲ့လို့ အဲဒီသူအပြင် အနီးအနားမှာရှိတဲ့ တခြားသူ ၂၆ ဦးပါ မီးလောင်ဒဏ်ရာရသွားခဲ့ပါတယ်။
သူနဲ့ တခြားသူ ၅ ဦးကို အခုဆေးရုံတင်ထားရပြီး တခြားသူတွေကတော့ မီးလောင်လို့ အသက်ရူကြပ် တဲ့ ဝေဒနာလောက်ပဲ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ Noor နူးဆိုသူဟာ လွန်ခဲ့တဲ့ ၃ နှစ်က သြစတြေးလျကို လှေတစီးနဲ့ ထွက်ပြေးရောက်ရှိလာခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့ပေမယ့် အခုအချိန်ထိ အစိုးရထံက ဆုံးဖြတ်ချက်မရသေးဘူးလို့ သိရပါတယ်။ မလ်ဘန်းမှာရှိတဲ့ မြန်မာရိုဟင်ဂျာ Habib ဟာဘစ်ဆိုသူက အဲဒီသူဟာ ရိုဟင်ဂျာတစ်ဦးဖြစ်ကြောင်း၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသူတွေကို သြစတြေးလျမှာ အလုပ်လုပ် ခွင့် မပြုတဲ့အတွက် မြန်မာပြည်မှာကျန်ခဲ့တဲ့ မိသားစုကို ထောက်ပံ့ဖို့ အခက်တွေ့ပြီး စိတ်ဓါတ်ကျနေသူဖြစ်ကြောင်း စသဖြင့် ပြောဆိုတယ်လို့ အေပီ သတင်းမှာ ဖေါ်ပြထားပါတယ်။