ထိုင်းနိုင်ငံက မြန်မာ ကလေးငယ်တွေ နိုင်ငံကူး လက်မှတ်ရပြီ


2013.05.08

ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေအတွက် ဒီကနေ့ကနေစပြီး မြန်မာပတ်စပို့စ် ထုတ်ယူလို့ရပြီဖြစ်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးရှိ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက RFA ကိုပြောပါတယ်။

ဒီအစီအစဉ်အရ မြန်မာကလေးတွေဟာ မှီခိုသူပတ်စပို့စ် ကိုင်ဆောင်ဖို့အတွက် ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံး ၁၁ ရုံးမှာ ထိုင်းငွေ ၁၇၅ ဘတ် ပေးသွင်းကာ ထုတ်ယူနိုင်ကြမှာဖြစ်ပြီး၊ ထိုင်းလဝကမှာ ဗီဇာသွားလျှောက်ရင်တော့ ဘတ်ငွေ ၅၀၀ ပေးပြီး သူတို့မိဘတွေရရှိထားတဲ့ ဗီဇာကာလ သတ်မှတ်ချက်အတိုင်း သက်တမ်း ၂ နှစ် ရရှိမှာဖြစ်တယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။

“ဒီကလေးတွေအတွက် ကျနော်တို့ဆီက soft wear တွေပေါ့နော်၊ soft wear ရယ် နောက်ကလေးတွေအတွက် ထုတ်ပေးမယ့်စာအုပ်ကို ကျနော်တို့က အမျိုးအစားပြန်ခွဲတယ်၊ ဘာလို့လည်းဆိုတော့ ဒီအလုပ်သမာတွေအတိုင်း တပုံစံတည်းထုတ်ပေးမယ်ဆိုလို့ရှိရင် ကလေးတွေနဲ့ အလုပ်သမားနဲ့ ခွဲလိ့မရတော့ဘူးပေါ့နော် ၊အဲဒီတော့ မှီခိုသူမှန်းကြည့်တာနဲ့ တန်းသိအောင် ဆိုပြီးတော့ ကျနော်တို့ဘက်ကနေပြီးတော့မှ ပတ်စပို့စ်စာအုပ်အပြာရောင် အပြာရောင်မှာမှ အဲဒီအောက်မှာမှ dependent လို့ဆိုပြီးတော့ ထည့်ထားတဲ့စာသားလေးပါ ပါတယ်ပေါ့နော်၊ ကျနော်မနက်ဖြန် စခန်း ၁၁ ခုလုံးကနေပြီးတော့မှ စပြီးတော့ ကလေးတွေကိုထုတ်ဖို့ ထုတ်လို့ရပါပြီဆိုတဲ့ဟာကို ကျနော်တို့ လှမ်းပြီးတော့ ပြောလိုက်မယ်ပေါ့နော်၊ ထိုင်းဘက်ကလည်းပြောတာက အလုပ်သမားဝန်ကြီးဌာနဘက်က ပြောတာကတော့ လဝကကိုပြောပြီးတော့ ဗီဇာတုံးတွေဘာတွထုပေးဖို့ သူတို့ပြောမယ်လို့ပြောတယ်၊ သူတို့က(ကလေးများ) work permit လုပ်စရာမလိုဘူး၊ ဆေးစစ်စရာမလိုဘူး၊ Bio data ကတော့ သူတို့သွင်းရမှာပေါ့နော်”

ဒီပတ်စပို့စ်ကြောင့် မြန်မာကလေးသူငယ်တွေဟာ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံအစိုးရတွေထံက  အခွင့်အရေးတွေရရှိမှာ ဖြစ်တယ်လို့လည်း ဦးနိုင်ထွန်းက ပြောပါတယ်။

“ထိုင်းဘက်မှာ ကျောင်းတက်မယ်ဆိုလို့ရှိရင်လည်း သူကတရားဝင် ဗီဇာရထားတဲ့အတွက် ကျောင်းတက်ခွင့်တွေ ဘာတွေရမယ်၊ တရားဝင်အသိအမှတ်ပြုခွင့်ရမယ်၊ နောက်ကျနော်တို့ ဒီပညာရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်မှာ အခုကျနော်တို့ ဒီဘက်က မူလနိထိ(NGOs များ) Foundation တွေပေါ့နော်၊ foundation ဖွင့်ထားတဲ့ ကျောင်းလေးတွေရှိတယ်၊ ဥပမာ သူငယ်တန်းကနေ လေးတန်းအထိ၊ လေးတန်းကနေ ရှစ်တန်းအထိ အဲဒါမျိုးပေါ့နော်၊ အဲဒီကလေးတွေကိုလည်း ကျနော်တို့ မြန်မာပြည်အစိုးရကနေပြီးတော့မှ ဒီ text books တွေ၊ note books တွေ ထောက်ပံ့ပေးမယ်ဆိုတဲ့သတင်းလည်း ကျနော်ရထားတယ်၊ ဒီကလေးတွေကို တရားဝင် ဥပမာ ဒီထိုင်းနိုင်ငံမှာ တတိယတန်းရှိမယ် မြန်မာပြည်ကလည်း တရားဝင်တတိယတန်းအောင်တယ်ဆိုတဲ့ အသိအမှတ်ပြုဖို့ပေါ့နော်၊ အဲဒါလည်း မြန်မာပြည် ပညာရေးဌာနကလည်း ခွင့်ပြုမယ်ဆိုတဲ့ အကြမ်းဖျင်းဆွေးနွေးထားတာရှိတယ်၊ အဲဒီတော့ သူတို့ကထိုင်းဘက်ကိုလည်း တက်လို့ရမယ်၊ မြန်မာပြည်အစိုးရက တရားဝင်ခွင့်ပြုတဲ့ အတန်းပညာလည်းရမယ် အဲဒီလိုမျိုးအခွင့်အရေးတွေ ရလာမှာပေါ့”

ယခု ၂၀၁၃ နှစ်အတွင်း ယာယီပတ်စပို့စ် ထုတ်ပေးရေးအတွက်  လျှောက်လွှာတင်ထားသူ အလုပ်သမား ၃ သိန်းရှိပြီး သူတို့ရဲ့ရင်သွေး ကလေးငယ်တွေအရေအတွက်က ၃၀၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်၊

ထိုင်းနိုင်ငံမှာ အခုမြန်မာအလုပ်သမား တစ်သန်းခွဲခန့် တရားဝင် အလုပ်လုပ်ကိုင်နေတယ်လို့လည်းသိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။