မြန်မာ ၃၄ ဦး ထိုင်းလူပွဲစားနဲ့ အတူ အဖမ်းခံရ


2013.10.08

ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ကိုင်ဖို့ လူကုန်ကူးတဲ့ လူပွဲစားတွေက တဆင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ အမျိုးသမီး ၁၅ ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၄ ဦးကို ထိုင်းနိုင်ငံ တပ်ခ်ခရိုင် ကန်ဖယ်ဖစ်ချ်မြို့ အနီးမှာ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက မနေ့ညက ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကနေပြီး ဘန်ကောက်မြို့ အနီးက အယုဒယမြို့မှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ဆိုပြီး ထိုင်းလူမျိုးတစ်ဦးက လူ ၁၃ ဦးသာ စီးနင်းနိုင်တဲ့ အလုံပိတ်ကားတစ်စီးနဲ့ခေါ်လာချိန်မှာ အခုလိုဖမ်းဆီးရမိခဲ့တာလို့ ဖမ်းဆီးမှုမှာပါဝင်ခဲ့တဲ့ ထိုင်းရဲအရာရှိက အခုလို ပြောပါတယ်။

" အားလုံး ၃၄ ယောက် ဖမ်းဆီးရမိတာပါ၊ အမျိုးသမီး ၁၅ ယောက်နဲ့ အမျိုသား ၂၀ ယောက်ဖြစ်ပြီး၊ သူတို့ကိုခေါ်လာတဲ့ ထိုင်းအမျိုးသား တစ်ယောက်ပါဆိုရင် စုစုပေါင်း ၃၅ ယောက် ဖြစ်ပါတယ်၊ ဘန်ကောက်ကို ထွက်ခွာလာတဲ့သူတို့ကို တပ်ခ်ခရိုင်အတွင်း ဖမ်းဆီးရမိတာဖြစ်တယ်”

အဲဒီမြန်မာနိုင်ငံသားတွေဟာ အယုဒယမြို့မှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ထိုင်းလူပွဲစားကို တစ်ယောက် ထိုင်းဘတ်ငွေ ၁၄၀၀၀ (တစ်သောင်းလေးထောင်) စီ ပေးခဲ့ကြရတယ်လို့လည်း သိရပါတယ်။

သူတို့ကို ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ကနေတဆင့် မြန်မာနိုင်ငံကို ပြန်ပို့သွားမှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။