ထိုင်းတောင်ပိုင်းရှိ မြန်မာတစ်ဦး လူသတ်မှုနဲ့ စွပ်စွဲခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီခရိုင်၊ Koh Phi Phi ခိုးဖီးဖီးကျွန်းက ထမင်းဆိုင်တစ်ဆိုင်မှာ အလုပ် လုပ်ကိုင်နေတဲ့ အသက် (၁၉) နှစ်အရွယ် မြန်မာ အလုပ်သမား ကိုသားသား ဆိုသူကို သြစတေးလျှသူ တစ်ဦး ဓါးထိုးခံရတဲ့အမှုမှာ တရားခံဖြစ်ပါတယ်လို့ ထိုင်းရဲကစွပ်စွဲပြီး တနေ့ထဲမှာတင် ရုံးတင်တရားစွဲဆို ပြီး ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်တယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက RFA ကို ပြောပါတယ်။

2013.02.10

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၉) ရက်နေ့က ကိုသားသားဟာ အခြားမြန်မာ (၅) ဦးနဲ့အတူ အဖမ်းခံခဲ့ရပြီး သူ့ကို ထိုင်းရဲက လက်မှတ်ထိုးခိုင်းပြီး ထောင်ချခဲ့တာလို့ ကိုသားသားကို ဖေဖေါ်ဝါရီလ (၆) ရက်နေ့က သွားရောက်တွေ့ဆုံခဲ့တဲ့ ထိုင်းတောင်ပိုင်းအခြေစိုက် FED အဖွဲ့က အလုပ်သမားရေး တာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။

“ည (၁၂) နာရီထိုးတော့ ထမင်းရောင်းပြီးတာနဲ့ သူကပြန်သွားပြီ၊ ဒီ (၁၂) နာရီ တချိန်ထဲမှာပဲ သြစတေးလျှက ဘိုမလေးတယောက်က လမ်းဖြတ်သွားရင်းနဲ့ အမည်မသိတဲ့ လူတယောက်ကပေါ့နော် အိတ်ဆွဲပြီးတော့ ဓါးနဲ့ထိုးထားခဲ့တာ၊ ပြီးတော့ လိုက်လို့မရတော့ဘဲနဲ့ သူတို့က နောက်နေ့မှာ လူ (၆) ယောက်ဖမ်းတယ်၊ အားလုံးပေါင်း ဗမာ (၆) ယောက် စစ်ဆေးတဲ့အချိန်မှာ (၅) ယောက် ပြန်လွှတ်လိုက်ပြီးတော့ ဒီသားသား ဆိုတဲ့တယောက်ကို တရားရုံချိန်းတစ်ခေါက်ထဲ ထောင် (၂) နှစ်ချလိုက်တယ်၊ ဘာသာပြန်မရှိဘူး သူကပြောတာတော့ သူ့လွှတ်ပေးမယ်ပြောတယ်ထင်လို့ သူကလည်း လက်မှတ်ထိုးပေး လိုက်တယ်လို့ပြောတယ်”

ဒီလိုဖမ်းဆီးခဲ့ရတာဟာ သြစတေးလျှသံရုံးက တရားခံရှာပေးဖို့ပြောလို့ ဒေသဆိုင်ရာရဲက အခုလိုဖမ်းဆီးတာဖြစ်ကြောင်း၊ ဒီအမှုနဲ့ပတ်သက်တဲ့ ဖိုင်တွဲတွေလည်း ရရှိခဲ့ကြောင်းလည်း ဦးမိုးဝေက ပြောပါတယ်၊ ကိုသားသားက သူမကျူးလွန်ကြောင်းပြောသလို သြစတေးလျှသူကလည်း မြန်မာနိုင်ငံသား မဖြစ်နိုင်ဘူးလို့ ထွက်ဆိုထားကြောင်းလည်း သူကအခုလို ဆက်ပြောပါတယ်။

“အဲဒါသူလုံးဝ မမှားပါဘူးပေါ့နော်၊ ဒီပြစ်မှုလည်း မကျူးလွန်ပါဘူးလို့ ဝန်ခံထားတယ်လေ၊ ပြီးရင်သူလက်မှတ် ထိုးထားတယ်၊ သေသွားတာတော့ မဟုတ်ဘူး ဒဏ်ရာရသွားတယ်၊ ဒဏ်ရာရထားတဲ့ သူကနေထွက်ဆိုသွားတယ် မြန်မာလူထုတော့ မဟုတ်ဘူး၊ ဖြစ်နိုင်ရင် ထိုင်းလူထုပဲဖြစ်မယ်လို့ ပြောသွားတယ်၊ ပြီးရင် သူ့နိုင်ငံသူပြန်သွားတယ် သြစတေးလျှကို”

လောလောဆယ်မှာတော့ ဒီအမှုအတွက် FED အဖွဲ့ ရှေ့နေတွေနဲ့ အယူခံဝင်ထားပြီး အမှုပြန်လည်စီစစ်ဖို့ တရားရုံးကို တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။