ထိုင်းမှာ မြန်မာစကား သင်ယူလိုသူ များပြား
2013.08.19
ထိုင်းနိုင်ငံ စမုတ်ဆခွန်ခရိုင်က အာဆီယံ ပညာရေးဌာနတွေမှာ မြန်မာဘာသာစကားသင်ယူသူ ထိုင်းလူမျိုးအရေအတွက် တိုးပွားများပြားလာနေတယ်လို့ The Nation သတင်းစာက ဖော်ပြပါတယ်။
စမုတ်ဆခွန် ခရိုင်မှာ လာရောက်အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား နှစ်သိန်းကျော်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာအလုပ်သမား များပြားတဲ့အတွက် ပြောဆိုဆက်ဆံရာမှာ ချောမောလွယ်ကူအောင် မြန်မာစကား သင်ယူလိုကြတာဖြစ်တယ်လို့ သင်တန်းဆရာတစ်ဦးကပြောပါတယ်။
ထိုင်း စက်မှုလက်မှုလုပ်ငန်းအသင်း ဥက္ကဌကလည်း မဟာချိုင်က ပင်လယ်စာ ထုတ်လုပ်ရေးလုပ်ငန်းတွေမှာရှိတဲ့မြန်မာနိုင်ငံသား တစ်ဝက်လောက် ထိုင်းဘာသာစကားပြောဆိုနိုင်ပေမယ့် ထိုင်းလူမျိုး ၅ ရာခိုင်နှုန်းလောက်ကသာ မြန်မာလိုပြောတတ်တာတွေ့ရကြောင်း၊ ဒါကြောင့် ထိုင်းလူမျိုးတွေကို မြန်မာဘာသာစကားသင်ယူဖို့ အားပေးသင့်ကြောင်း ပြောကြားပါတယ်။
စမုတ်ဆခွန်ခရိုင် အာဆီယံပညာရေးဌာနတစ်ခုက မြန်မာဘာသာစကားသင်တန်းမှာ လူ ၃ဝ သာ လက်ခံနိုင်သေးတဲ့အတွက် စောင့်ဆိုင်းစာရင်းမှာ စာရင်းပေးထားသူတွေ အတော်များတယ်လို့ဆိုပါတယ်။
ဒါ့ပြင် ထိုင်းသမိုင်းစာအုပ်တွေမှာပါဝင်တဲ့ ထိုင်း မြန်မာစစ်ပွဲတွေအကြောင်းအခြေခံပြီး မြန်မာတွေအပေါ် အမြင်စောင်းနေတာတွေ ပပျောက်သွားအောင်လည်း သင်ကြားပေးနေတယ်လို့ ဆရာတစ်ယောက်က ပြောပါတယ်။
ဒါ့ပြင် စမုတ်ဆခွန်ခရိုင်တွင်း လမ်းတွေပေါ်မှာ မြန်မာတွေ မတော်တဆမှုအဖြစ်များတာကြောင့် လမ်းညွှန်သတိပေး ဆိုင်းဘုတ်တွေကို မြန်မာဘာသာနဲ့ ရေးသားဖော်ပြဖို့ တိုက်တွန်း ဆော်သြနေတယ်လို့လည်း အာဆီယံပညာရေးဌာနက ပြောပါတယ်။