ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားကနေ လူဝင်ထွက်သွားလာခွင့် ပိတ်ပင်

ကျော်လွင်ဦး
2020.03.22

ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင်ဘက်ကနေ မြဝတီကို ဝင်ရောက်နိုင်တဲ့ နယ်စပ်ဂိတ်တွေကနေ လူအဝင် အထွက်တွေကို မနက်ဖြန်ကစပြီး ယာယီဆိုင်းငံတော့မယ်လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအမိန့်ကြောင့် ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံကိုပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေမှာ အခက်အခဲတွေ ဖြစ်နေပြီး မနက်ဖြန်မှာဆို သောင်းနဲ့ချီပြီး ထိုင်းနယ်စပ် မဲဆောက်မြို့မှာ ပိတ်မိနိုင်တယ်လို့ ရွှေ့ပြောင်း အလုပ်သမားရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ဒီနေ့မှာလည်း မြဝတီအမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ထိုင်းဘက်ကနေပြန်လာတဲ့ မြန်မာအလုပ်သမားတွေ ထောင်ပေါင်းများစွာရှိနေပြီး မနက်ဖြန်မှာ ဝင်ထွက်ခွင့် ပိတ်လိုက်မယ်ဆိုရင် သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ မဲဆောက်မြို့ထဲမှာ ပိတ်မိနိုင်တယ်လို့ ACC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

“ချစ်ကြည်ရေးတံတား အမှတ် ၁ ကော၊ ၂ ကော လူဝင်လူထွက်တွေကို နယ်စပ်ဂိတ်တွေ ပိတ်လိုက်မယ် ဆိုတော့ မြဝတီ - မဲဆောက် သွားလာရေး အခက်အခဲဖြစ်တာပေါ့၊ အဓိကတော့ နယ်စပ်ပေါ့၊ ထိုင်းနိုင်ငံကနေ မြန်မာ နိုင်ငံကို အများဆုံးပြန်လာတဲ့ သင်္ကြန်ကာလမှာ ပိတ်လိုက်တော့ အခက်အခဲဖြစ်နိုင်တာပေါ့၊ ကျနော်တို့အနေနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့တွေကို အဆင့်ဆင့်တင်ပြပြီး ဆောင်ရွက်နေပါတယ်”

နေရပ်ပြန် အလုပ်သမားတွေ အခက်အခဲ ကြုံတွေ့ရနိုင်တာနဲ့ ပတ်သက်ပြီး ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုရိုနာရောဂါ ကူးစက်နေတဲ့ကာလဖြစ်တာကြောင့် သင်္ကြန်ကာလမှာ နေရပ်မပြန်ဖို့ ပြီးခဲ့တဲ့မတ်လ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး က တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ နေရပ်ပြန်အလုပ်သမားတွေ နေ့စဉ်ရှိနေပါတယ်။

မြဝတီမြို့မှာရှိတဲ့ တံတား နှစ်ခုထဲက အမှတ် ၁ ချစ်ကြည်ရေးတံတားကို မနေ့က စပြီးထိုင်းဘက်က ပိတ်ထားခဲ့ပြီး အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဖွင့်ထားတာကြောင့် ဒီနေ့ဆို အဲ့ဒီကနေ လူဦးရေ ထောင်နဲ့ချီပြီး မြန်မာပြည်ထဲ ပြန်ဝင်လာပါတယ်။

မနေ့ကလည်း အမှတ် ၂ ချစ်ကြည်ရေးတံတားနဲ့ တံတားအောက်ဂိတ် ၃ ခုကနေ ပြန်လာတဲ့ မြန်မာအလုပ်သမား စုစုပေါင်း ခုနှစ်ထောင်ကျော်ရှိတယ်လို့ အလုပ်သမားအရေး ကူညီနေတဲ့ ကိုရဲမင်းက ပြောပါတယ်။

ထိုင်းဘက်က တံတား နှစ်ခုလုံးကို လူဝင်ထွက်ခွင့် ပိတ်လိုက်မယ့် အခြေအနေကို နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ အစိုးရတာဝန်ရှိသူ အဆင်ဆင့်ကို တင်ပြထားတယ်လို့ မြဝတီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

"မြန်မာအလုပ်သမားတွေဟာ ထိုင်းဘက်မှာ ကိုရိုနာဗိုင်းရပ်စ်ကို စိုးရိမ်ပြီး တော်တော်လေး ပြန်လာနေကြပြီ၊ အခုဆိုလည်း ထိုင်းဘက်ကမ်းမှာ ခုချိန်ထိ လူမကုန်သေးဘူး၊ တံတားက ၆ နာရီဆို ပိတ်တော့မယ်၊ မနက်ဖြန် တံတားက လူဝင်လူထွက် ပိတ်လိုက်ပြီဆိုတော့ ဟိုဘက်ခြမ်းမှာ ထိုင်းကပြန်လာတဲ့ အလုပ်သမားတွေ ထောင်နဲ့ချီ ပိတ်မိနေနိုင်တယ်၊ ဒီနေ့မှာလည်း ထိုင်းနိုင်ငံအတွင်းပိုင်းက မဲဆောက်ကိုလာတဲ့ လမ်းတလျှောက်မှာ မြန်မာ ပြည်သားတွေ ဆက်တိုက်ရှိနေတာကြောင့် မနက်ဖြန်မှာလည်း သောင်းနဲ့ချီပြီး အလုပ်သမားတွေ မဲဆောက်မှာ ပိတ်မိနေနိုင်တယ်"

ထိုင်းနိုင်ငံမှာ မနေ့က တစ်ရက်ထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၀ ရှိခဲ့ပြီး တစ်နိုင်ငံလုံး ရောဂါပိုးတွေရှိသူ ၆၀၀ နီးပါးရှိနေပြီလို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ များလာတာကြောင့် ထိုင်းနိုင်ငံဘက်က မြန်မာနယ်စပ်တစ်လျောက်မှာရှိတဲ့ ဂိတ်တွေကို လူအဝင်အထွက်တွေ ယာယီ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ကုန်ပစ္စည်း ကူးသန်းရောင်းဝယ်မှု ထိခိုက်မှုနည်းစေဖို့အတွက် ကုန်တင်ယာဉ်တစ်စီးကို ယာဉ်မောင်းတစ်ဦးနဲ့ ယာဉ်နောက်လိုက်တစ်ဦးစီ နေ့ချင်းပြန် ဝင်ရောက်ခွင့်ဆက်ပေးထားမယ်လို့ ဆိုပါတယ်။

နယ်စပ်ဂိတ်တွေကနေ ဝင်ထွက်ခွင့် ပိတ်လိုက်တာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ ရောဂါကူးစက်ခံရမှာကို စိုးရိမ်တာတွေရှိနေပါတယ်။

နှစ်စဉ် သင်္ကြန်ကာလမှာ သိန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်လေ့ရှိတဲ့အချိန်ဟာ ဒီနှစ်မှာတော့ ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အစီအစဉ်တွေ၊ ကန့်သတ်ချက်တွေ လုပ်ဆောင်နေချိန်နဲ့ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။