ထိုင်းမှာ လုပ်အားခ ဈေးတက်လို့ အလုပ်ရုံတွေ ကမ္ဘောဒီးယားနိုင်ငံ ကို ပြောင်းရွှေ့


2013.07.26

ထိုင်းနိုင်ငံမှာ အခြေခံလုပ်အားခတွေ တိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက် ထိုင်းအလုပ်ရုံတစ်ချို့ဟာ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံကို ပြောင်းရွှေ့လုပ်ကိုင်ကြဖို့ စီစဉ်နေကြပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့ကစပြီး အနည်းဆုံး တစ်ရက်လုပ်ခအဖြစ် ထိုင်းဘတ်ငွေ ၃ဝဝ သတ်မှတ်ခဲ့ပါတယ်။

အဲသလိုသတ်မှတ်ခဲ့ပြီး မြန်မာနယ်စပ်အနီးတပ်ခရိုင်မှာ လုပ်အားအလွန်အမင်းလိုအပ်တဲ့ အလုပ်ရုံတချို့ ပိတ်လိုက်ရပါတယ်။ မဲဆောက်မြို့နယ်မှာ အထည်ချုပ်လုပ်ငန်းတွေနဲ့ ရှူးဖိနပ်လုပ်ငန်းတွေဟာ သူတို့ရဲ့စက်ရုံတွေ ၂ဝ ကျော် ကို ကမ္ဘောဒီးယားနိုင်ငံထဲကို ရွှေ့ပြောင်းသွားခဲ့ကြတယ်လို့ တပ်ခရိုင် ဖက်ဒရေးရှင်း ဥက္ကဌက ပြောပါတယ်။

ကမ္ဘောဒီးယားမှာ အနည်းဆုံး တစ်ရက်လုပ်ခက ထိုင်းဘတ်ငွေ (၇ဝ / ၈ဝ) လောက်သာရှိပါတယ်။ တပ်ခရိုင်အတွင်းမှာ အလုပ်သမားတွေ အများအပြားလိုအပ်တဲ့ အလုပ်ရုံပေါင်း ၆၅၈ ရုံရှိပြီး အလုပ်သမားပေါင်း ငါးသောင်းလေးထောင် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ကမ္ဘောဒီးယားကလည်း ထိုင်းအလုပ်ရုံတွေ လာရောက်လုပ်ကိုင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အခုလို ထိုင်းအလုပ်ရုံတွေ ဈေးချိုတဲ့ ကမ္ဘောဒီးယားကို ပြောင်းရွှေ့စပြုလာတာဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြသူ မြန်မာနိုင်ငံသားအရေအတွက် အနည်းဆုံး ၂ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။