ထိုင်းနိုင်ငံကို လူပွဲစားနဲ့ တရားမဝင်ရောက်လာတဲ့ မြန်မာ ၈၀ ကျော်ကို နေရပ်ပြန်ပို့


2013.05.13

ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက တာ့ခရိုင်မဲဆောက်မြို့မှာ တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

အမျိုးသမီးတွေနဲ့ လူလတ်ပိုင်းအရွယ် မြန်မာနိုင်ငံသား ၈၁ ဦးကို ထိုင်းနယ်ခြားစောင့်တပ်နဲ့  ရဲတပ်ဖွဲ့က မဲဆောက်မြို့မြောက်ဘက် မဲ့ကဆာကျေးရွာက တောင်ယာတွေထဲမှာ ဖမ်းဆီးမိခဲ့တာဖြစ်ကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦမိုးကြိုးက ပြောပါတယ်။

"ဘန်ကောက်တက်ဖို့ ကြိုးစားတဲ့သူတွေပေါ့ဗျာ၊ လူပွဲစားတွေကနေပြီးတော့ ဘတ် ၃၀၀၀ နဲ့ပို့ပေးမယ်၊ ဘတ် ၃၀၀၀ ကနေပြီးတော့ ဘတ် ၁၅၀၀၀ ခွဲပေါ့ဗျာ၊ အစားစားပေါ့ သူတို့ပို့ပေးမယ်၊ ဘန်ကောက်မှာရှိတဲ့ စက်ရုံတို့၊ ဆောက်လုပ်ရေးတို့၊ အိမ်ဖော်တို့ အဲ့လုပ်ငန်းခွင်တွေ ပို့ပေးမယ်ဆိုပြီးတော့ မက်လုံးပေးပြီးတော့ထားထားတာ၊ အဲ့ဒါကို နယ်ခြားစောင့်တပ်နဲ့ အမှန်တော့ နယ်တော့ ကျေးရွာပြည်သူ့စစ်ကနေ မသင်္ကာဖွယ်ရာတွေ့ရှိတာနဲ့ နယ်ခြားစောင့်တပ်ကို အကြောင်းကြား၊ နယ်ခြားစောင့်တပ်ကနေ မဲဆောက်မြို့နယ် ရဲကိုအကြောင်းကြားတာ"

သူတို့တွေဟာ ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်ဖို့အတွက် လူပွဲစားတွေဆီကနေတဆင့် ထိုင်းနိုင်ငံတွင်းကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲက  ရောက်ရှိခဲ့ကြတာလို့ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက အယောက် ၃၀ ခန့်ကို ထိုင်းအာဏာပိုင်တွေက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ အမှတ် ၁၇ ကူးတို့ဆိပ်ကနေ မနေ့က မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်လည်ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကလည်း မဲဆောက်မြို့နယ် မယ်ပရပ်ကွက်မှာ တရားမဝင် ဝင်ရောက်နေထိုင်သူ  ၁၂၀ ခန့်ကို ထိုင်းလဝကက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။