ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး တိုးတက်ရရှိဖို့ အခြေအနေရှိ
2012.06.06

ပြီးခဲ့တဲ့ အပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို ရောက်ရှိစဉ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်အပြင် ထိုင်း အလုပ်သမား ဒုတိယဝန်ကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်ပိုင်းမှာ တိုးတက်မှု အရိပ်အရောင်တွေ ရရှိခဲ့တယ်လို့ ဆိုကြပါတယ်။
ထိုင်းနိုင်ငံ မဟာချိုင်က အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးတိုးက -
"ထူးခြားမှုတစ်ခုကတော့ ကျွန်တော်တို့အလုပ်သမားတွေ ဒီလ ၁၄ ရက်နေ့ ဆိုလို့ရှိရင် ဘတ်သက်တမ်း ကုန်မယ်ဟုတ်လား။ အဲဒါကို လောလောဆယ် ကာလတိုးပေးလိုက်တယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိအောင် တိုးပေးလိုက်တယ်"
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေအနေနဲ့ တရားဝင်နေထိုင် လုပ်ကိုင်နိုင်ရေးဟာ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလုပ် သမားတွေကို ပြောခဲ့သလို တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ကိုင်ခွင့်များရှိဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ လုပ်ခလစာရရှိဖို့ အတွက်လည်း ဆောင်ရွက်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကတော့ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ လုပ်ခ လစာရရှိဖို့ ထိုင်းနိုင်ငံ ဥပဒေက ပြဋ္ဌာန်းထားပြီးဖြစ်ပေမဲ့ အလုပ်ရှင်များက လိုက်နာခြင်း မရှိဘူးလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်း အလုပ်သမားတစ်ဦးကို အစိုးရသတ်မှတ်ထားတဲ့ အနိမ့်ဆုံး တစ်နေ့ကို ဘတ် ၃၀၀ ရရှိတဲ့ မြို့နယ် ၇ မြို့နယ်သာ ရှိတာကြောင့် ထိုင်းနိုင်ငံသားတွေ ကိုယ်တိုင် အစိုးရသတ်မှတ်ချက်အတိုင်း ခံစားခွင့် မရသေးဘူးလို့ ပြောဆိုပါတယ်။