ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နှစ်သစ်ကူး ဆင်နွဲ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း ဒီနှစ်ကျရောက်တဲ့ သြင်္ကန်ပွဲတော်ကာလမှာ တရားနာပွဲများ၊ ရဟန်းခံရှင်ပြုအလှူများ၊ သက်ကြီးပူဇော်ပွဲများနဲ့ နှစ်သစ်ကူး ရေကစားပွဲတော်တွေကို မိမိတို့ ဒေသအလိုက် ပြုလုပ်ကြတယ်လို့ သိရပါတယ်။

2012.04.14
thai-migrant-newyear-b305 ထိုင်းနိုင်ငံ စမုတ်ဆာခွန်ခရိုင် မဟာချိုင် ဘုန်းတော်ကြီးကျောင်း၏ နှစ်သစ်ကူးကာလ ဝိပဿနာ အထူးတရားစခန်းပွဲတွင် တရားဘာဝနာ ပွားများနေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်။
RFA

မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုဟာ အလုပ်က နားနေကြပြီး မိမိတို့ဒေသအလိုက် ကုသိုလ်ကောင်းမှုပြုသူ၊ တရားဘာဝနာ ပွားများသူ၊ ရေပက်ကစားသူတွေနဲ့ အထူးစည်ကား ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မြန်မာအလုပ်သမား အများဆုံးရှိတဲ့ စမုတ်ဆာခွန်ခရိုင် မဟာချိုင်ဒေသက အခြေအနေကိုတော့ မြန်မာအလုပ်သမား အရေး လုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ ဦးတိုးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့နှစ်စဉ်ကျင်းပတဲ့ သမထဝိပဿနာ တရားစခန်းကျင်းပတယ်။ ဝပ်ထစ်ကျောင်းမှာ ၁၂ ရက်နေ့ ညနေ ၆ နာရီက စတယ်။ ၁၆ ရက်နေ့ ၁၂ နာရီထိအောင် သတ်မှတ်ထားတယ်။ အဲဒါက လူပုဂ္ဂိုလ်ရိုးရိုးတွေချည်းပဲ တရားထိုင်ကြတယ်။ ဝပ်ခေါင်မဒီယံမှာတော့ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီကနေပြီးတော့ ၁၇ ရက်နေ့အထိအောင် သတ်မှတ်ထားတယ်။ အဲဒါက တရားစခန်းပါတယ်။ ရဟန်းခံရှင်ပြုပါမယ်။ မယ်သီလရှင်ပါတယ်။ ရဟန်းနဲ့ ကိုရင်နဲ့ တရားထိုင်တဲ့ ယောဂီအပါး အားလုံး စုစုပေါင်း (၃၀၀) ကျော်တယ်။ လတ်ဘူရီမှာ ဘုရားတည်နေတာရှိတယ်။ တချို့အလုပ်သမားတွေက ဘတ်စ်ကားတွေဘာတွေ ဌားပြီးတော့ အဲဒီနေရာကို သွားလည်ကြတယ်။ နောက်တစ်ခုက ရေကစား တော်တော်များများတွေ့ရတယ်။ မြန်မာနဲ့ထိုင်းနဲ့ကြားမှာ ကျွန်တော်တို့မြန်မာတွေ များတယ်။”

ဒါ့အပြင် ထိုင်းနိုင်ငံကိုခေတ္တ ကြွရောက်လာတဲ့ ရွှေညဝါဆရာတော်ကြီးကလည်း ဒီကနေ့ ညနေ ၇ နာရီခွဲမှာ ပုဇွန်စက်ရုံ တစ်ခုဖြစ်တဲ့ စိန်ထော်ရုံမှာ တရားဟောကြားတော်မူမယ်လို့ သိရပါတယ်။

အလားတူ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကွာပမြို့နယ်အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED က ကြီးမှူးပြီး အသက် (၆၀) ကျော် အဘွားအို၊ အဘိုးအိုတွေကို ခြေသည်းလက်သည်းညှပ်ပြီး ကောင်းမှုကုသိုလ် ပြုလုပ်ကြရာမှာ မြန်မာအလုပ်သမား ဦးရေ (၅၀) ကျော် ပါဝင်တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ FED အဖွဲ့ရဲ့ ရွှေ့ပြောင်းအလုပ်သမားရေး တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။

“ဒီသြင်္ကန်မှာတော့ သက်ကြီးပူဇော်ပွဲတွေ လုပ်တယ်။ ဘုန်းကြီး ၂ ပါးပင့်ပြီးတော့ လုပ်တယ်။ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ လုပ်တယ်။ လူဦးရေ (၅၀) လောက်လာတယ်။ ကန်တော့ခံတဲ့ သက်ကြီးပူဇော်ခံတဲ့သူတွေကတော့ (၁၈)ယောက်ရှိတယ်။ အဘွားကြီးက (၁၂) ယောက် အဘိုးကြီး (၆) ယောက် အဲဒါကျွန်တော်တို့ လက်သည်းခြေသည်းညှပ် ပြီးတော့ခေါင်းတွေဘာတွေ လျှော်ပေးပြီးတော့ ကျွန်တော်တို့ ရေစိုထမင်းနဲ့ ငါးခြောက်ကျော်ထမင်းကျွေးပြီးတော့ ပြီးဆုံးသွားတာပေါ့နော်။ ပကလန် ရော်ဘာခြံမှာ ရေပက်ခံထွက်တာတော့ရှိတယ်ဗျ။”

ထိုင်းနိုင်ငံတောင်ပိုင်းကတော့ ရေပက်ကစားမှုကို သြင်္ကန်အကျနေ့ တရက်ထဲပဲ ပြုလုပ်တာဖြစ်ပါတယ်။

အလားတူပဲ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်စတဲ့ ထိုင်းနိုင်ငံဒေသ အသီးသီးမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ မိမိတို့ဒေသတွင်းမှာ ထိုင်းပြည်သူတွေနဲ့အတူ နှစ်သစ်ကူး ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။