အလုပ်မရခဲ့တဲ့ မြန်မာ ၄၅ ယောက်ကို ကုမ္ပဏီ လျော်ကြေးပေး


2017.10.28
mou-myanmar-workers-622 ထိုင်းနိုင်ငံမှာ အလုပ်မရရှိတဲ့ MOU အလုပ်သမားတွေကို အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - AAC မဟာမိတ်အဖွဲ့

ထိုင်းနိုင်ငံမှာ တစ်လကျော်ကြာတဲ့အထိ အလုပ်မရရှိတဲ့ MOU အလုပ်သမား ၄၅ယောက်ကို ပို့ဆောင်ခဲ့တဲ့ အလုပ်သမားအကျိုးဆောင်ကုမ္ပဏီက ငွေကျပ် ၈သိန်းစီ လျော်ကြေးပေးတယ်လို့ သိရပါတယ်။

အလုပ်မရရှိတာကြောင့် မြန်မာနိုင်ငံကို ဒီနေ့ ပြန်လာကြတဲ့ အလုပ်သမား ၄၅ ယောက်အတွက် လပ်ကီးအေဂျင်စီ က ငွေကျပ် ၈ သိန်းစီ လျော်ပေးတယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

"ဒီနေ့ကတော့ MOU အလုပ်သမား ၄၅ ယောက်၊ ထိုင်း-မြန်မာနယ်စပ်က လူကယ်ပြန် ကျောက်လုံးကြီး စခန်းကို ပို့ဆောင်ပေးတယ်။ ထိုင်းနိုင်ငံမှာ အလုပ် ၁ လခွဲလောက် မလုပ်ရဘူးဆိုတော့ အေဂျင်စီက တစ်ယောက်ကို ၈ သိန်းစီ ပြန်လျော်ပေးတယ်ခင်ဗျ။ အခုအဲဒီကိစ္စဆောင်ရွက်နေပါတယ်။ ကျနော် တို့ မြဝတီနယ်စပ်မှာ ရောက်နေပါတယ်။ ဒီနေ့ လျော်ပေးတာပါ။ လပ်ကီးအေဂျင်စီက ပို့ဆောင်ထားတဲ့ အလုပ်သမား ၁၅၉ ဦးထဲက ၄၉ ဦး အကူညီလာတောင်းတဲ့အတွက် ကျနော်တို့ အေဂျင်စီနဲ့ စကားပြော ၊ ဆွေးနွေးညှိနှိုင်းပြီး လျော်ကြေးရအောင် ပြန်လုပ်ပေးတာပါခင်ဗျ"

အဲဒီအလုပ်သမားတွေဟာ ပင်လယ်စာထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုပြီး ထိုင်းနိုင်ငံကို ရောက်ရှိနေ တာ ရက်ပေါင်း ၄၀ လောက်ရှိပြီဖြစ်ပါတယ်။

အဲဒီအလုပ်သမား ၄၅ ယောက်ဟာ လပ်ကီးအကျိုးဆောင်ကုမ္ပဏီကို တရားစွဲဖို့ စီစဉ်နေချိန်မှာ ကုမ္ပဏီက လျော်ကြေးပြန်ပေးတဲ့အတွက် တရားမစွဲတော့ဘူးလို့ ပြောပါတယ်။

အလုပ်သမားတွေကို မြန်မာသံရုံးရဲ့ စီစဉ်ညွန်ကြားမှုနဲ့ မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့က လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန ကျောက်လုံးကြီးစခန်းကို ဒီနေ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။