ထိုင်းနိုင်ငံက လူကုန်ကူးခံရသူတွေ ကို ဘင်္ဂလားဒေ့ရှ် ပြန်ခေါ်မည်


2014.10.18

ထိုင်းနိုင်ငံတောင်ပိုင်း ရာဘာခြံတွေထဲမှာ ခေတ်သစ်ကျွန်တွေအဖြစ် လူပွဲစားတွေကရောင်းစား ခံရတော့မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့အပြီး ထိုင်းနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ် ကို ပြန်ခေါ်မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က မနေ့က ပြောကြား လိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ရာဘာစိုက်ခင်းတွေထဲက လူပွဲစားစခန်းတွေထဲက ဖမ်းဆီးရမိခဲ့တဲ့ လှေစီး မွတ်စလင် ၁၃၄ ဦးထဲမှာအများစုဖြစ်တဲ့ ၁၁ဂ ဦးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်ပြီး ကျန်တဲ့ ၁၆ ဦးဟာ မြန်မာဖက်ကဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဒီဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးပြီးရင် စိစစ်ပြန်ခေါ်မှာဖြစ်ကြောင်း၊ ဒါပေမယ့် ဘင်္ဂလားစကားပြောတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့ ပြောလို့မရပဲ မြန်မာဖက်က မွတ်စလင်တွေကလည်း ဘင်္ဂလားစကားပြောပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ်နဲ့ နိုင်ငံခြားကို ထွက်နေတာတွေရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။

ဒီမွတ်စလင်တွေကို အခုလအတွင်း ထိုင်းအာဏာပိုင်တွေက ၂ ကြိမ်ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူတို့ဟာ လှေတွေ နဲ့တဆင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်ကနေ မလေးရှားအလာ ထိုင်းကမ်းရိုးတန်း ရာဘာ စိုက်ခင်းတွေထဲမှာ လူပွဲစားတွေကတဆင့်ရောင်းစားဖို့ စီစဉ်နေစဉ်ဖမ်းဆီးမိခဲ့တာလို့ ထိုင်းရဲက ပြောပါတယ်။

ထိုင်းနိုင်ငံက ဘင်္ဂလားဒေ့ရှ်သံရုံးကတော့ ဒီလှေစီးမွတ်စလင်တွေဟာ ပြန်ပေးဆွဲခံလာရတယ်ဆိုတဲ့ ပြောဆို ချက်တွေကို ငြင်းဆိုလိုက်ပြီး လူပေါင်း ၁၃ဝ ကျော် လူမသိသူမသိပြန်ပေးဆွဲဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ပြော ကြားလိုက်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ထိုင်းလူပွဲစား ၂ ဦးကို ထိုင်းရဲက ပြီးခဲ့တဲ့အပတ်က အရေးယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။