ရိုဟင်ဂျာတွေကို ဘယ်နိုင်ငံကမှ လက်မခံကြဘူးလို့ ထိုင်းအစိုးရပြော


2013.06.04

ထိုင်းတောင်ပိုင်း ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေကို ဘယ်တတိယနိုင်ငံကမှ လက်မခံလိုကြဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်စခန်းတွေမှာ လပေါင်းများစွာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်နှစ်ထောင်ခန့်ကို တတိယနိုင်ငံတစ်ခုခုကို လွှဲပြောင်းနေရာချထားဖို့ ကြိုးစားရာမှာ ဘယ်နိုင်ငံကမှလက်ခံဖို့ လိုလားတာမတွေ့ရကြောင်း၊ သူတို့အနေနဲ့ ဒုက္ခသည်တစ်စုကို လက်ခံခဲ့ရင် နောက်ထပ် ထောင်သောင်းချီပြီး ဝင်ရောက်လာမှာကို စိုးရိမ်နေကြကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မနာဆဗီ (Manasvi Srisodapol) က ပြောပါတယ်။

ထိုင်းအစိုးရဌာနတွေအနေနဲ့ စခန်းတွေမှာ ဒုက္ခသည်တွေ ကျပ်ကျပ်တည်းတည်း နေထိုင်နေရတဲ့ အခြေအနေကို သတိပြုမိကြောင်း၊ ဒုက္ခသည်စခန်းတွေရဲ့အခြေအနေ တိုးတက်လာဖို့ နည်းလမ်းတွေ ဆွေးနွေးရှာကြံနေကြောင်း လည်း ပြောပါတယ်။

ဒီစခန်းတွေက ရိုဟင်ဂျာတွေဟာ မနှစ်က ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအပြီး  လှေစီးရောက်ရှိ လာသူတွေလို့ သိရပါတယ်။ ရိုဟင်ဂျာတွေ ထိုင်းနိုင်ငံပိုင်နက်အတွင်း ရောက်ရှိလာခဲ့ရင် ထိုင်းရေတပ်က သူတို့ခရီးဆက်မယ့် မလေးရှားဖက်ကို လိုက်လံပို့ဆောင်ပေးတာရှိသလို ဆန္ဒရှိရင် ထိုင်းဖက်မှာ တရားမဝင် နိုင်ငံခြားသားတွေအဖြစ်နဲ့ လူဝင်မှုကြီးကြပ်ရေးစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။