တောဝက် ဘောလုံးအသင်းနည်းပြနဲ့ ကလေးသုံးယောက်ကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြု


2018.08.09
thai-boys-622.jpg ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပိတ်မိပြီး လွတ်မြောက်ခဲ့တဲ့ လူငယ် ၁၃ ယောက်ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Panumas Sanguanwong / THAI NEWS PIX / AFP

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်း ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းရဲ့ နည်းပြအပါအဝင် ကလေး သုံးယောက်ကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြု ကတ်ပြားတွေကို ထိုင်းအစိုးရက မနေ့က ထုတ်ပေးလိုက်ပါတယ်။

နည်းပြနဲ့ ဘောလုံးအသင်းက ကလေး ၃ ယောက်ဟာ နိုင်ငံမဲ့တွေဖြစ်နေတဲ့အတွက် ထိုင်းအာဏာပိုင်တွေက အဆင့်ဆင့်စိစစ်မှုတွေ လုပ်ပြီးတဲ့နောက် နိုင်ငံသားကတ်တွေကို ထုတ်ပေးလိုက်တာဖြစ်တယ်လို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ နေထိုင်ပြီး မယ်ဆိုင်ဂူအတွင်း ကလေးတွေပိတ်မိတဲ့ သတင်းတွေကို ဆက်တိုက်ရယူတက်ဆက်ခဲ့သူ အလွတ်တန်းသတင်းထောက် ကိုစည်သူမောင်က ပြောပါတယ်။

"သူတို့ကို ထုတ်ပေးရခြင်းအကြောင်းအရင်းက ဂူထဲမှာ ပိတ်မိနေလို့ ဂူကြောင့်ကမ္ဘာကသိသွားလို့ ထုတ်ပေးရ တာမျိုး မဟုတ်ဘဲနဲ့ အချိန်တန်လို့ရသွားတဲ့ပုံစံမျိုးလို့ မယ်ဆိုင်မြို့ အုပ်ချုပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတာကြားရတယ်၊ သူတို့က ရွှေ့ပြောင်းမိသားစုတွေကနေတဆင့် ထိုင်းမှာအခြေချတယ်၊ ထိုင်းပညာရေးကို သင်ကြားထားတဲ့သူတွေဖြစ်တယ်၊ ထိုင်းဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ဆိုတတ်ပြီးတော့ မြန်မာဘာသာစကားကိုတောင် သိပ်မပြောတတ်တော့ဘူးဆိုတော့ သူတို့ အတွက်တော့ နေသင့်နေအပ်တဲ့အရပ်မှာ ရောက်ရှိသွားတယ်၊ သူတို့ရဲ့ ဘဝတက်လမ်းလေးတွေ ပိုကောင်းသွား တယ်လို့ အစ်ကိုတို့က မြင်ပါတယ်"

ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရတဲ့ တောဝက်ဘောလုံးအသင်းက အသက် ၂၅ နှစ်အရွယ် နည်းပြဖြစ် သူဟာ ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်ပါတယ်။ ကျန်တဲ့ ကလေး ၃ ယောက်ထဲက အသက် ၁၄ နှစ်အရွယ် ကလေးကိုတော့ ဝ တိုင်းရင်းသား မိခင်နဲ့ ဖခင်က ထိုင်းနယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်ရာကနေ ထိုင်းနယ်စပ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကျန်တဲ့ အသက် ၁၆ နှစ်အရွယ်နဲ့ အသက် ၁၃ နှစ်အရွယ် ကလေး နှစ်ယောက်ရဲ့ မိဘတွေကတော့ ရှမ်းတိုင်းရင်းသူနဲ့ ထိုင်းနိုင်ငံသားတွေ ဖြစ်တယ်လို့ ကိုစည်သူမောင်က ပြောပါတယ်။

နည်းပြနဲ့ ကလေး ၃ ယောက်တို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့မှာ နေထိုင်ကြတာဖြစ် ပါတယ်။ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ နေထိုင်ကြသူ အများစုက မြန်မာဘက်က ရွေ့ပြောင်းလုပ်သားတွေဖြစ်ပြီး အများစုက ရှမ်းတိုင်းရင်းသားတွေဖြစ်ပါတယ်။ ဒါ့အပြင် အခါ၊ လားဟူ၊ ဝ ၊ ပလောင် စတဲ့ တိုင်းရင်းသားတွေလည်း နေထိုင်ကြပြီး အများစုက ယာယီနေထိုင်ခွင့်ကတ်တွေနဲ့ နေထိုင်ကြပြီး နောက်ပိုင်းမှာ ထိုင်းနိုင်ငံသားအဖြစ် ခံယူသွားကြတာတွေများတယ်လို့ ကိုစည်သူမောင်က ပြောပါတယ်။

ဂူထဲမှာပိတ်မိခဲ့တဲ့ ဘောလုံးအသင်းနည်းပြနဲ့ ကလေး ၃ ယောက်အပါအဝင် ထိုင်းနိုင်ငံက အခြား ကလေး အယောက် ၃ဝ ကိုလည်း ထိုင်းနိုင်ငံရဲ့ ၁၉၆၅ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ  ထိုင်းအစိုးရက နိုင်ငံသား အသိအမှတ်ပြုကတ်တွေကို မနေ့က မယ်ဆိုင်မြို့ အုပ်ချုပ်ရေးရုံးမှာ ပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းတွေကလည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။