ထိုင်းလူငယ် ၄ ယောက်ကို မနေ့ညက ကယ်ထုတ်နိုင်ခဲ့
2018.07.09

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် ၁၃ ယောက်ထဲက ၄ ယောက်ကို ဂူအပြင် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
မူလက ၆ ယောက် ကယ်ထုတ်နိုင်ခဲ့ကြောင်း ဖေါ်ပြခဲ့ပြီးမှ ၄ ယောက်အဖြစ် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
တယောက်ချင်းစီကို ရေအောက်ကနေ ကယ်ထုတ်ဖို့ စီစဉ်ထားကြောင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးက ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောတယ်လို့ အဲဒီနေရာမှာ သတင်းယူနေတဲ့ တာချီလိတ်သတင်း အေဂျင်စီ က ကိုဇောင်း က ပြောပါတယ်။
"နိုင်ငံတကာကျွမ်းကျင်ရေငုပ်သမားက ၁၃ ဦး၊ ထိုင်းအထူးရေတပ်က ၅ ဦး ၁၈ ဦး ဝင်သွားတယ်ပေါ့နော်၊ ၁၀ နာရီကဝင်သွားတာ၊ ကျနော်တို့ ဒီမှာသတင်းစာရှင်းလင်းပွဲလုပ်တဲ့အချိန်မှာ သူတို့ဝင်သွားတယ်၊ ၁၈ ဦး ဝင်သွားတယ်ဆိုပေမယ့် ဂူထဲမှာ တခြားရေငုပ်သမားတွေလည်းရှိသေးတယ်၊ ကလေးတစ်ယောက်ကို နှစ်ယောက်က အရှေ့တစ်ယောက် အနောက်တစ်ယောက် ထိန်းပြီးတော့လိုက်လာမှာပေါ့"
ကလေးတယောက်ကို ရေငုပ်သမားနှစ်ယောက် ခြံရံပြီး ရွှံ့ရေ တွေနဲ့ မဲမှောင်ကျဉ်းမြောင်းတဲ့ လမ်းကြောင်းအတိုင်း ကယ်ထုတ်လာခဲ့ရတာပါ။
ကယ်ထုတ်လာခဲ့တဲ့ ကလေးတွေ မည်သူမည်ဝါဆိုတာ မသိရသေးပါဘူး။ သူတို့ကို ဂူအပြင်က ယာယီဆေးခန်းမှာ ဦးဆုံး ပြုစုကုသပေးခဲ့ပြီး၊ ရဟတ်ယာဉ်တွေနဲ့ ချင်းမိုင်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
ဂူအတွင်းမှာ ကျန်နေသေးတဲ့ ကလေးတွေနဲ့ ဘောလုံးနည်းပြတို့ကို ဆက်လက်ကယ်ထုတ်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီကယ်ဆယ်ရေးအဖွဲ့မှာ ဥရောပနိုင်ငံတွေက အများဆုံးပါဝင်တဲ့ ရေငုပ်သမား ၁၃ ဦးနဲ့ ထိုင်း ရေတပ် Navy SEAL လက်ရွေးစင် ရေငုပ်သမား ၅ ဦးတို့ ပါဝင်တယ်လို့ ရိုက်တာသတင်းကဖေါ်ပြပါတယ်။
ဂူအတွင်းမှာ အောက်ဆီဂျင်ဘူးတွေ လိုအပ်နေတယ်လို့ ထိုင်းအရာရှိတဦးကပြောပါတယ်။
လာမယ့်ရက်အနည်းငယ်အတွင်း မိုးပြန်ရွာလာမှာမို့ ကယ်ဆယ်ရေးအစီအစဉ်တွေကို အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။