ပျောက်ဆုံး ၁၃ ဦး ရှာဖွေကယ်ဆယ်ရေး ကူညီဖို့ ထိုင်းကို မြန်မာ ကမ်းလှမ်း
2018.06.28

ထိုင်းအစိုးရက နိုင်ငံတော်အဆင့်လုပ်ငန်းတစ်ခုအနေနဲ့ ဆောင်ရွက်နေတဲ့ မယ်ဆိုင်မြို့၊ ထမ့်လုံခွန်နမ့် လိုဏ်ဂူ အတွင်းမှာ ပိတ်မိနေတဲ့ လူငယ်ဘောလုံးအသင်းက ၁၃ ဦး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံ ဘက်က လိုအပ်တဲ့အကူအညီတွေ အပြည့်အဝကူညီပေးနိုင်ဖို့ ထိုင်းအစိုးရကို ကမ်းလှမ်းလိုက်ပါတယ်။
သံရုံးတွေ၊ အုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် မြန်မာအစိုးရအနေနဲ့ ဘာအကူအညီပေးရမလဲဆိုတာကို မေးမြန်းထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးက ပြောပါတယ်။
“သံရုံးကကော၊ ရန်ကုန်မှာရှိတဲ့ ထိုင်းသံအမတ်ကြီးကိုကော ဘာအကူအညီပေးနိုင်မလဲ ဆိုတာမျိုး၊ ရှမ်းပြည်နယ် အစိုးရဘက်ကလည်း အုပ်ချုပ်ရေးမှူးတွေကတဆင့် အချင်းချင်းမေးထားတယ်၊ ဘာအကူအညီပေးလို့ရမလဲ ဆိုတာကို။ ဘာရယ်လို့ ကူညီတာတော့ မရှိသေးဘူးပေါ့။ သံရုံးတွေအနေနဲ့ကတော့ ဘာကူညီပေးရမလဲ လိုအပ်တာရှိရင်ပြောပါ အဲဒီလိုမျိုးတော့ ပြောထားတယ်”
ပြီးခဲ့တဲ့ ဧပြီလအတွင်းက လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းခဲ့စဉ်က ထိုင်းနိုင်ငံဘက်က အကူအညီတွေပေးခဲ့တာကြောင့် လက်ရှိထိုင်းအစိုးရက ဆောင်ရွက်နေတဲ့ ဂူအတွင်းပိတ်မိနေတဲ့ လူငယ်တွေ ကယ်ဆယ်ရေးအစီအစဉ်မှာ မြန်မာနိုင်ငံအနေနဲ့ ပါဝင်ကူညီနိုင်ဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားတာဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းလူငယ် ၁၂ ဦးနဲ့ နည်းပြ ၁ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကတည်းက ပျောက်ဆုံးနေတာဖြစ်ပြီး ထိုင်းအစိုးရ ကဦးစီးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြည်း၊ ရေ၊ လေ တပ်မတော်သားများအပါအဝင် လူအင်အား ၁ဝဝဝ ခန့်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။