ပိတ်မိနေသူ ၁၃ ဦးရဲ့ ကျန်းမာရေး စစ်ဆေးပေးနေ
2018.07.03

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က ထမ့်လုံခွန်နမ့် လှိုဏ်ဂူထဲမှာ ၁၀ ရက်ကြာ ပိတ်မိနေတဲ့ အားကစားနည်းပြ ၁ ဦးနဲ့ အသင်းသား လူငယ် ၁၂ ဦးကို ဂူအတွင်းမှာ ကျန်းမာရေးစစ်ဆေးပေးနေပြီး စိတ်ချရတဲ့အခြေအနေရောက်မှ ဂူအပြင်ကို ခေါ်ထုတ်လာနိုင်မှာဖြစ်ကြောင်း ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။
ကယ်ဆယ်ရေးဆောင်ရွက်မှု အခြေအနေ ရှင်းလင်းပွဲမှာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပြောခဲ့တာကို အဲဒီနေရာမှာ ရောက်ရှိနေတဲ့ တာချီလိတ်ဒေသခံ ကိုစည်သူမောင် က အခုလိုပြောပါတယ်။
"ဒီကလေးတွေ ပြန်ထွက်လာမယ့်ကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုံးပြောသွားတာကတော့ ဘယ်အချိန် ထွက်လာ မလဲဆိုတဲ့ မေးခွန်းကိုတော့ မမေးပါနဲ့ဦးတဲ့၊ ကလေးတွေရဲ့ အဓိက လက်ရှိကျန်းမာရေး အခြေအနေတွေနဲ့ သူတို့ရဲ့ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှုတွေကို ဆေးစစ်တာ အထဲမှာလုပ်နေပါတယ်၊ သူတို့အတွက် ၁၀၀ ရာခိုင်နှုန်း စိတ်ချရမှသာလျှင် ခေါ်ထုတ်လာနိုင်မယ်လို့ပြောပါတယ်"
ဒါ့အပြင် လက်ရှိ ကယ်ဆယ်ရေးအဖွဲ့တွေက ရေစုပ်ထုတ်တာ၊ ဂူပေါက်ချဲ့ထွင်တာနဲ့ ဂူလမ်းကြောင်းရှာဖွေတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
ဇွန်လ ၂၃ရက်နေ့ကစပြီး လိုဏ်ဂူအတွင်း ပျောက်ဆုံးနေတဲ့ အားကစားနည်းပြ ၁ ဦးနဲ့ အသင်းသား လူငယ် ၁၂ ဦးကို ဇူလိုင် ၂ရက်နေ့ မနေ့ညက ကယ်ဆယ်ရေးအဖွဲ့တွေထဲက အင်္ဂလန်နိုင်ငံသားတစ်ဦးက ရှာဖွေတေ့ွရှိခဲ့တာလို့ သိရပါတယ်။
အဲဒီ ၁၃ ဦးဟာ ဒေသတွင်း ဘောလုံးအသင်းဖြစ်ပြီး အဲဒီထဲမှာ အသက် ၁၁နှစ်ကနေ ၁၆နှစ်ကြား ၁၂ ဦး နဲ့ နည်းပြကတော့ အသက် ၂၅ နှစ်ဖြစ်ပါတယ်။
သူတို့ ၁၃ ဦးကို ထိုင်းအစိုးရရဲ့ ဌာနဆိုင်ရာ အသီးသီးအပြင် အမေရိကန်၊ ရုရှား၊ လာအို၊ တရုတ်၊ ဆွီဒင်၊ ဖိလစ်ပိုင်၊ သြစတြေးလျတို့က ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။