မဲဆောက်မြို့ ဆန္ဒပြ မြန်မာအလုပ်သမားများ တောင်းဆိုချက် ရရှိ
2012.05.04

ချန်ပီယံခေါ် FT Fashion သိုးမွှေးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ ကျော်က မတ်လ ၂ ရက်နေ့က စတင်ပြီး တစ်နေ့ အလုပ်ချိန် ၈ နာရီ သတ်မှတ်ပြီး အချိန်ပိုကြေးနဲ့ လုပ်အားတိုးပေးဖို့ အလုပ်မဆင်းဘဲ ဆန္ဒပြ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဒီကနေ့မနက် ၁၀ နာရီမှာ ဆဝါတီကန်လို့ခေါ်တဲ့ မဲဆောက် အလုပ်သမားကာကွယ်ရေးရုံးက တာဝန်ရှိသူတွေက ရုံးမှာ ဆန္ဒပြ အလုပ်သမားကိုယ်စားလှယ် ၇ ဦးနဲ့ စက်ရုံလုပ်ငန်းရှင်ကို ဆင့်ခေါ်ကာ ညှိနှိုင်းပေးခဲ့လို့ အလုပ်ရှင် အလုပ်သမား ပြေလည်မှုရခဲ့တဲ့ အခြေအနေကို ဆန္ဒပြ အလုပ်သမားကိုယ်စားလှယ် ကိုမောင်ဇော်က အခုလို ပြောပါတယ်။
“ရှစ်နာရီ အလုပ်ချိန်မှာ ၁၅၅ ဘတ်ရတယ်။ အိုတီကြေးကတော့ ခြောက်လပိုင်း ၁ ရက်နေ့မှာ ပြန်ပြီးတော့ ညှိမယ်။ ဆဝါတီကန်လူကြီးများက ညှိတယ်ခင်ဗျ။ အလုပ်ရှင်လာတယ်။ အလုပ်သမား ၇ ယောက်နဲ့ ညှိတယ်ခင်ဗျ။ ၂ နာရီလောက်မှပြီးတယ်။ ၈၀ ရာခိုင်နှုန်း လောက်တော့ အဆင်ပြေသွားပါပြီ။”
ချန်ပီယံ သိုးမွှေးစက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၅၀၀ ကျော်ဟာ မနက် ၈ နာရီကနေ ည ၉ နာရီအထိ အလုပ်လုပ်ရပြီး လုပ်အားခအဖြစ် ၇၅ ဘတ်ကနေ ဘတ် ၈၀ သာရကြလို့ လုပ်ခတိုးပေးဖို့ ဆန္ဒပြခဲ့တာလို့ အလုပ်သမတစ်ဦးက အခုလိုပြောပါတယ်။
“နေ့စားခ တစ်နေ့ကို ၈၀ ရတယ်။ ည ၉ နာရီထိခိုင်းတယ်။ အဲဒါကို အခုအလုပ်သမားတွေ တောင်းဆိုတာက သူများစက်ရုံတွေက တစ်နေ့ကို ၁၅၅ ဘတ် ဖြစ်နေပြီ။ ညနေ ၅ နာရီ နောက်ပိုင်းကို အိုတီကြေး သတ်မှတ်ပေးဖို့ တောင်းဆိုကြတယ်။ သူဌေးက သောက်ရေရော၊ ချိုးရေရော၊ ထမင်းရော မနေ့ကတည်းက အကုန်လုံးဖြတ်ထားတယ်"
ထိုင်းအလုပ်သမား ဝန်ကြီးဌာနရဲ့သတ်မှတ်ထားတဲ့ တရားဝင် တစ်နေ့အလုပ်လုပ်ချိန်ဟာ ၈ နာရီဖြစ်ပြီး၊ အဲဒီအချိန်အတွက် မဲဆောက်ဒေသတွင်းက အလုပ်သမားတစ်ယောက်ကို ၂၂၆ ဘတ် အလုပ်ရှင်က ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။
ဒါပေမယ့် ဆန္ဒပြ အလုပ်သမားတွေအားလုံး ညှိနှိုင်းပြီး တရားဝင်အလုပ် လုပ်ချိန် တနေ့ ၈ နာရီအပါအဝင် အလုပ်ရှင်ဘက်က ပေးနိုင်မယ့် လုပ်အားခ ၁၅၅ ဘတ်နဲ့ အဲဒီနောက်ပိုင်း အလုပ်ခိုင်းပါက အချိန်ပိုကြေး တစ်နာရီကို ၃၀ ဘတ်ပေးဖို့ တောင်းဆိုတာပါလို့ အလုပ်သမား ကိုယ်စားလှယ်တွေက ပြောကြားခဲ့ကြပါတယ်။