ထိုင်း မြန်မာနယ်စပ် ဂိတ်များ ဒီကေဘီအေ ပြန်ဖွင့်ပေး

သီတင်းပတ် နှစ်ပတ်လောက် ကြာအောင် ပိတ်ထားခဲ့တဲ့ ထိုင်း မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် ( ဒီကေဘီအေ ) က ပြန်ဖွင့်ပေးလိုက်ပြီလို့ ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ ဖော်ပြပါတယ်။

2012.05.12

ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်ချုပ် စောလားပွယ်ကို ထိုင်းအစိုးရက မူးယစ်ဆေးဝါးကိစ္စ ပတ်သက်မှု ရှိတယ်ဆိုပြီး ဆုငွေနဲ့တကွ ဖမ်းဝါးရမ်းထုတ်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ဒီကေဘီအေ ထိန်းချုပ်နယ်မြေအတွင်းက နယ်စပ်ကုန်သွယ်ရေး ဂိတ် (၁၂) ခုကို ဗိုလ်ချုပ် စောလားပွယ်က ပိတ်ဆို့လိုက်ပါတယ်။ အခုတော့ အဲဒီ ဂိတ်တွေကို ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

အဲဒီလို ပြန်ဖွင့်ပေးလိုက်တာဟာ မြန်မာဘက်ခြမ်းက ထိုင်းလုပ်ငန်းရှင်တွေရဲ့ တောင်းပန်ချက်ကြောင့် ဖြစ်ကြောင်း ဗိုလ်ချုပ် စောလားပွယ်ရဲ့ အနီးကပ် လက်ထောက်တစ်ယောက်ဖြစ်သူ ဗိုလ်တိုးကို ကိုးကားပြီး ဘန်ကောက်ပို့စ် က ဖော်ပြပါတယ်။

မြန်မာအရာရှိကြီးတွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် စောလားပွယ်နဲ့ ပြောဆို ဆွေးနွေးခဲ့ကြပေမဲ့၊ အတင်းအကြပ် ဖိအားပေးတာမျိုးတော့ မရှိကြောင်း၊ ဒီနယ်မြေကို ကြည့်ရှုဆောင်ရွက်ဖို့ လုပ်ပိုင်ခွင့် ပေးးထားပြီးဖြစ်ကြောင်း၊ ထိုင်းလုပ်ငန်းရှင်တွေနဲ့ မြန်မာဘက်က လယ်သမားတွေ မထိခိုက်စေလိုတဲ့အတွက် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးတာ ဖြစ်ကြောင်းလည်း ဗိုလ်တိုးက ပြောပါတယ်။

ထိုင်း အမှတ် (၃) တပ်မတော်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကလည်း သူတို့အနေနဲ့ မူးယစ်ဆေးဝါးကိစ္စမှာ ဗိုလ်နှုတ်ခမ်းမွှေး ပါဝင်ပတ်သက်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရကြောင်း၊ အနောက်ဘက် နယ်စပ်ဟာ မူးယစ်ဆေး အခြေစိုက်တဲ့နေရာ မဟုတ်ဘဲ လူမှောင်ခိုကိစ္စသာ ရှိကြောင်း၊ ဒီကေဘီအေဟာ နယ်မြေ တည်ဆောက်ရေးလုပ်ငန်းနဲ့ သတ္တုတွင်းလုပ်ငန်းတွေကရတဲ့ အခွန်ငွေနဲ့ အဓိက ရပ်တည်နေတာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။