မဲဆောက်-မြဝတီ တံတား ပြန်ဖွင့်ဖို့ သဘောတူညီချက် ရရှိ
2011.10.06

Photo: RFA
ထိုင်းနဲ့ မြန်မာ အဓိက ဆက်သွယ်ရာ လမ်းကြောင်းဖြစ်တဲ့ မြန်မာနိုင်ငံ မြဝတီနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်တဲ့ တံတားကို မြန်မာနိုင်ငံဘက်က ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက စတင်ပိတ်ထားလိုက်ပြီး အခုချိန် အထိ မြန်မာဘက်က အကြောင်းပြချက် တိတိကျကျ မပေးဘဲ ပိတ်ထားဆဲ ဖြစ်ပါတယ်။
မနေ့တုန်းက နေပြည်တော်ကို တရက်တာ အလည်အပတ် ရောက်ရှိခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံအပြီး လက်မှတ်ရေးထိုးတဲ့ နှစ်နိုင်ငံ သဘောတူစာချုပ်မှာ မဲဆောက်-မြဝတီ ကုန်သွယ်တံတားကို မကြာခင် ပြန်ဖွင့်ဖို့ ဖေါ်ပြထားတယ်လို့ ထိုင်းအစိုးရ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်အမျိုးသမီး မစ္စ တီတီမာ ချိုင်စမ်းက RFA ကို ပြောပါတယ်။
မဲဆောက်-မြဝတီတံတားနဲ့ ပတ်သက်လို့ မဲဆောက်ဘက်ခြမ်းမှာ ပြုပြင် မွမ်းမံစရာတွေ လုပ်ဆောင်ပြီးတာနဲ့ ဒီနယ်စပ် ကုန်သွယ် တံတားကို ဖွင့်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ကြောင်း၊ ထိုင်းနိုင်ငံဘက်ကလည်း လုပ်ဆောင်စရာတွေကို အမြန်ဆုံး လုပ်သွားမှာဖြစ်ကြောင်း မစ္စ ချိုင်စမ်းက ပြောပါတယ်။
ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ သဘောတူ စာချုပ်ထဲမှာ ထိုင်းနိုင်ငံ သနာအိုစီမြို့ကနေ ကော့ကရိတ်မြို့ အထိ လမ်းအသစ် ဖေါက်လုပ်ရေးနဲ့ သနာအိုစီကနေ မြဝတီအထိ ရှိပြီးသားလမ်းကို ပိုကောင်းအောင် ပြုပြင်ရေး လုပ်ငန်းတွေ ပါဝင် သလို၊ ထားဝယ် ရေနက်ဆိပ်ကမ်း ဆက်လက် အကောင်အထည် ဖေါ်ရေးတွေလည်း ပါဝင်ကြောင်း သိရပါတယ်။
ထိုင်းမြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးရေးကို ထိုင်းနိုင်ငံအနေနဲ့ လိုလားပြီး အပြန်အလှန် ကုန်သွယ်မှု တိုးတက်ရေးကိုလည်း လိုလားကြောင်း နယ်စပ် ဖြတ်ကျော် ရောင်းဝယ်နေတဲ့ မူးယစ်ဆေး နှိမ်နင်းရေး ကိစ္စကိုပါ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင်းလပ် အနေနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုပေမယ့် အချိန် အခက်အခဲကြောင့် တွေ့ဆုံနိုင်ခြင်း မရှိကြောင်း မြန်မာပြည် ခရီးစဉ်မှာ ကိုယ်တိုင် လိုက်ပါသွားတဲ့ ထိုင်းအစိုးရ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် အမျိုးသမီး မစ္စ တီတီမာ ချိုင်စမ်းက RFA ကို ပြောပါတယ်။