မဲဆောက်မှာ မြန်မာတွေနေတဲ့တိုက်ခန်းကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်း

2023.03.22
မဲဆောက်မှာ မြန်မာတွေနေတဲ့တိုက်ခန်းကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်း ၂ဝ၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်က မြန်မာနိုင်ငံသားများနေထိုင်သည့် အိမ်ရာကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့စဉ်။
Citizen Journalist

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်က မြန်မာနိုင်ငံသားတွေ နေထိုင်တဲ့ လေးထပ်အိမ်ယာဝင်းတစ်ခုကို မတ်လ ၂၂ ရက် နေ့လယ် ၁ နာရီလောက်မှာ ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ပါတယ်။

လေးထပ်တိုက်ခန်းတစ်ခန်းမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားလူငယ်နှစ်ဦးနဲ့အတူ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ စစ်ယူနီဖောင်းတွေ ရှာ‌‌ဖွေတွေ့ရှိတဲ့အတွက် မဲဆောက်မြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ လေးထပ်အိမ်ယာအနီးမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

မဲဆောက်မြို့ မယ်ပရပ်ကွက် တရုတ်သင်္ချိုင်းလမ်းအနီးက လေးထပ်တိုက်တန်းလျားနှစ်ခုကို ထိုင်းစစ်တပ်၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ရဲတပ်ဖွဲ့က စီးနင်းပြီး မြန်မာနိုင်ငံသား ၁၀၈ ဦးကို ယာယီထိန်းသိမ်း စစ်ဆေးခဲ့တာပါ။

Sequence 1264.00_24_56_26.Still003.jpg
၂ဝ၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံသားများ နေထိုင်သည့် အိမ်ရာကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့အပြီး မြင်တွေ့ရသော မြင်ကွင်း။ (Photo: Citizen Journalist)

မြန်မာလူငယ်နှစ်ဦးကို စစ်အသုံးအဆောင် ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးလိုက်ပြီး ကျန်တဲ့ မြန်မာ ၁၀၆ ဦးကို စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ လေးထပ်အိမ်ယာဝင်းအနီးမှာ နေထိုင်သူက ပြောပါတယ်။

“နေ့လယ်လောက်က မာလွေအိမ်ယာ လေးထပ်တိုက်တန်းကို ထိုင်းစစ်တပ်နဲ့ တောမော (ထိုင်း လဝက)၊ ထိုင်းရဲတွေ ဝင်လာပြီး စစ်တပ်က သူတို့လိုချင်တဲ့ တရားခံကို လာရှာတာမှာ တိုက်ခန်းတွေ အကုန်ဝင်စစ်တယ်။ နေတဲ့လူတွေအကုန် လမ်းမမှာ ထွက်ထိုင်နေခိုင်းတယ်။ အဲ့ဒီမှာ အခန်းတစ်ခုကိုရှာတော့ ဒရုန်းတွေ၊ စစ်ပစ္စည်းတွေနဲ့ လူငယ်နှစ်ယောက်ကိုတွေ့တော့ စစ်တယ်၊ ဓာတ်ပုံတွေ ရိုက်တယ်၊ ပြီးတော့ ဖမ်းခေါ်သွားတယ်။ ကျန်တဲ့တိုက်တန်းလျားက လူတွေတော့ ပြန်လွှတ်ပေးပြီး သူတို့ ထိုင်းစစ်တပ်နဲ့ တောမောအဖွဲ့စုံ အဖွဲ့တွေ ပြန် သွားတယ်”

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲ ကျင်းပနေချိန်မှာပဲ မဲဆောက်မြို့ရောက် မြန်မာတွေ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံက ရဲချုပ်လည်း တက်ရောက်နေတာပါ။

Sequence 1264.00_25_41_18.Still002.jpg
၂ဝ၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံသားများနေထိုင်သည့် အိမ်ရာကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းစစ်ဆေးနေစဉ်။ (Photo: Citizen Journalist)

မဲဆောက်မှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက "ရဲချုပ်ရောက်နေလို့ အဖမ်းအဆီးတွေ ဆက်တိုက်ရှိနေတယ်၊ အပြင်မထွက်ရဲဘူး" လို့ RFA ကိုပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နယ်စပ် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးကြသူတွေဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ မကြာခဏခံနေရပါတယ်။

မြဝတီမြို့တစ်ဖက်ကမ်းက ထိုင်းနိုင်ငံမဲဆောက်မြို့မှာ မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှုကြောင့် ရှောင်တိမ်းလာသူတွေ ခိုလှုံနေတဲ့ရပ်ကွက်တွေကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေ အခုနှစ်အတွင်း ပိုများလာနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနဲ့၊ တရားမဝင် ဝင်ရောက်လာသူတွေ ဖမ်းဆီးရမိတဲ့ သတင်းတွေလည်း မကြာခဏ ကြားသိနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။