မီးပုံးဒီဇိုင်းပါတဲ့ အထည်ရောင်းရင် ဖမ်းဆီးမယ်လို့ ဖိအားပေးခံနေရ

RFA Burmese
2023.10.03
မီးပုံးဒီဇိုင်းပါတဲ့ အထည်ရောင်းရင် ဖမ်းဆီးမယ်လို့ ဖိအားပေးခံနေရ သီတင်းကျွတ်ပွဲတော်တွင် မီးပုံးဒီဇိုင်းနှင့် ထုတ်ထားသော အမျိုးသမီးဝတ်လုံချည်စ။
Citizen Journalist

သီတင်းကျွတ်ပွဲတော်မီးပုံးဒီဇိုင်းနဲ့ အမျိုးသမီးဝတ်လုံချည်တွေ ဖြန့်ချိရောင်းချသူတွေကို ဖမ်းဆီးမယ်ဆိုပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက သတိပေးနေတယ်လို့ အဝတ်အထည်ရောင်းချသူတွေက RFA ကို ပြောပါတယ်။

သီတင်းကျွတ်အထူးထုတ်အဖြစ်ထုတ်တဲ့ လုံချည်ဒီဇိုင်းက ဘာသာရေးကိုထိခိုက်စေတာကြောင့် ရောင်းတဲ့သူတွေကို ဖမ်းဆီးမယ်ဆိုပြီး အုပ်ချုပ်ရေးတာဝန်ရှိသူတွေက သတိပေးထားတယ်လို့ မန္တလေးမြို့မှာ အထည်လက်ကားရောင်းချသူ တစ်ဦးက ပြောပါတယ်။

မန္တလေးအိမ်နားက စျေးတွေထဲက ဆိုင်တွေမှာတော့ မရောင်းဖို့ တားတယ်။ ရောင်းရင် ဆိုင်ပိတ်ရမယ်လို့ ပြောတယ်။ မွန်းအိုင်း (Moon Eye)ကတော့ ညီမမှာနေကြပဲ။ ပိတ်တာ သေချာတယ်။ သူကစက်ရုံဆိုတော့ တစ်မြို့လုံး တစ်နိုင်ငံလုံးဖြန့်တော့ ညီမက အပ်လည်း ထိုးပေးရတာ။ အစ်မက အပ်လည်း ထိုးပေးရတာ။”

မီးပုံးဒီဇိုင်းလို့ လူသိများတဲ့ သီတင်းကျွတ်ပွဲတော်ရဲ့  ဆီမီးထွန်းညှိပူဇော်နေတဲ့ပုံတွေကို အမျိုးသမီးဝတ်လုံချည်မှာ ဒီဇိုင်းရေးဆွဲပြီး ဖြန့်ချိရောင်းချတဲ့ မန္တလေးမြို့ က Moon Eye အထည်ဆိုင်ကို အပိတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီဒီဇိုင်းရောင်းချသူ ရန်ကုန်မြို့က အထည်ဆိုင်ရှင် ကိုဖြိုးဆိုသူကိုလည်း ဘာသာ သာသနာကို ညှိုးနွမ်းစေတယ်ဆိုပြီး စက်တင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီးအရေးယူထားတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုဖြိုးဆိုသူကို အဲဒီဒီဇိုင်းပါလုံချည်တွေနဲ့တကွ ဖမ်းဆီးထားတယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာ သတင်းတွေရေးသားဖော်ပြနေပေမဲ့ ဘယ်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာကိုတော့ အတိအကျမဖော်ပြထားပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အမျိုးသမီးဝတ်လုံချည်မှာ သီတင်းကျွတ်မီးပုံးနဲ့ ဆီမီးထွန်းနေတဲ့ ပုံတွေ ရိုက်နှိပ်ရောင်းချသူတွေကို ဖမ်းဆီးဖို့ စစ်တပ်ထောက်ခံသူတွေက ပုံတွေနဲ့တကွ လှုံ့ဆော်ရေးသားနေကြပြီး ရောင်းချသူတွေ့ရင် သတင်းပေးပို့ဖို့လည်း တိုက်တွန်းနေပါတယ်။

မီးပုံးဒီဇိုင်းပါအမျိုးသမီးဝတ်လုံချည်တွေကို မနှစ်ကလည်း ဒီဇိုင်းထုတ်ရောင်းချခဲ့ကြပေမဲ့ ဒီနှစ်မှာ စစ်တပ်ထောက်ခံသူတွေရဲ့ လှုံ့ဆော်မှုကြောင့် အခုလို ဖမ်းဆီးအရေးယူနေတာလို့ အဝတ်အထည်ရောင်းချနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။